ဧပြီ ၁၊ ၂၀၁၄
M-Media
- ခရိုင်းမီးယားဒေသအတွင်း မတည်မငြိမ်ဖြစ်ခဲ့ပြီးနောက် ယူကရိန်း အရှေ့ဘက်နယ်စပ်တွင် ချထားသည့် စစ်တပ်များမှ လက်နက်ကြီးတပ်စုတစ်ခုအား ရုပ်သိမ်းခဲ့ပြီဟု ရုရှားကာကွယ်ရေးဝန်ကြီှးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါတပ်များမှာ ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုပြီးနောက် ဆာမာရာဒေသရှိ စစ်အခြေစိုက်စခန်းသို့ ပြန်သွားပြီဟု ရုရှားဘက်မှ ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော်လည်း နယ်စပ်ရှိ စစ်သားများအား ရုပ်သိမ်းခြင်း ရှိ၊ မရှိဆိုသည်ကို ရှင်းလင်းစွာ ဖော်ပြထားခြင်းရှိပေ။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ၎င်းအနေဖြင့် ရုရှားတပ်အချို့အား ရုပ်သိမ်းရန် အမိန့်ပေးထားကြောင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်အား ပြောကြားခဲ့သည်ဟုသိရသည်။
ယခုကဲ့သို့ တပ်အချိုက ရုပ်သိမ်းမှုမှာ ယူကရိန်းပြဿနာအားဖြေရှင်းရာတွင် နယ်စပ်တွင်ချထားသော ရုရှားစစ်တပ်များ ရုပ်သိမ်းပေးရေးအပေါ် မူတည်နေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့အား ယမန်နေ့က ပြောကြားပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
“မကြာသေးမီရက်များကပဲ နယ်စပ်မှာရှိတဲ့ ရုရှားတပ်တွေကို တဖြည်းဖြည်းနဲ့ ရုပ်သိမ်းနေပါပြီ” ဟု ရုရှား ကာကွယ်ရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူ အိုလက်စီ ဒမင်ထရက်ကစ်ဗ်စကီးက APF သတင်းဌာနသို့ ယနေ့တွင် ပြောကြားခဲ့သည်။
ယူကရိန်းပြဿနာဖြစ်ပေါ်လာပြီးနောက် ယူကရိန်းအရှေ့ပိုင်းနယ်စပ်တွင် ရုရှားဘက်မှ ရုတ်တရက် ချထားခဲ့သည့် စစ်အင်အားမှာ ၃ သောင်းမှ ၄ သောင်းအကြားရှိသည်ဟု အမေရိကန်နှင့် ဥရောပ တာဝန်ရှိသူများက ခန့်မှန်းထားသည်။
Al Jazeera and agencies