နိုဝင်ဘာ ၂၉ ၊ ၂၀၁၄
M-Media
– တူရကီနိုင်ငံသို့ ၃ ရက်ကြာ အလည်အပတ်ခရီး ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ နာမည်ကြီး အပြာရောင် ဗလီဝတ်ကျောင်းတော်တွင် အစ္စတန်ဘူလ် မွဖ်သီကြီးနှင့်အတူ ဆုတောင်း ပတ္တနာ ပြုခဲ့သည်ဟု သိရသည်။
ပုပ်ရဟန်းမင်းကြီးမှာ ၁၇ ရာစုကတည်းက တည်ဆောက်ထားခဲ့သည့် ဆူလ်တန်အဟ်မတ် ဗလီဝတ်ကျောင်းတော်တို့ စနေနေ့နံနက်က သွားရောက်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်အတွင်း ဦးခေါင်းကိုညွှတ်၍ လက်နှစ်ဖက်ကို ယှက်ကာ ၂ မိနစ်ခန့် ငြိမ်သက် ဆုတောင်းခဲ့သည်။ ထိုသို့ဆုတောင်းခြင်းမှာ အစ္စလာမ်သာသနာအား လေးစားသမှုကိုပြရန်နှင့် အယူဝါဒနှစ်ခုအကြား ပိုမိုခိုင်မာစွာ ဆက်ဆံမှုကို အားပေးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
`ဘုရားသခင် လက်ခံတော်မူပါစေ´ ဟု အစ္စတန်ဘူလ်မွဖ်သီကြီး ရဟ်မီ ယာရန်က ပုပ်ရဟန်းမင်းကြီး ဆုတောင်းပတ္တနာပြုမှု အပြီးတွင် ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဆုတောင်းပတ္တနာပြုခြင်းမတိုင်ခင် မွဖ်သီကြီးမှာ အပြာရောင် မျက်နှာကျက်များနှင့် အစီအရီရှိနေသော အမိုးခုံးများကြောင့် အပြာရောင်ဗလီဝတ်ကျောင်းတော်ဟု ကျော်ကြားသည့် အဆိုပါဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်း ပုပ်ရဟန်းမင်းကြီးအား လှည့်လည်ပြသခဲ့သည်။
ထို့နောက် ပုပ်ရဟန်းမင်းကြီးမှာ ဘိုင်ဇန်တိုင်း အင်ပါယာလက်ထက်က ခရစ်ယာန်ဘုရားကျောင်းအဖြစ် ရှိခဲ့ပြီး ယခုတွင် ပြတိုက်ဖြစ်နေသည့် ဟာ့ဂ်ဟီယာ ဆိုဖီယာ ပြတိုက်ကိုလည်း သွားရောက်လည်ပတ်ခဲ့ကာ အဆိုပါပြတိုက်အပြင်ဘက်၌ တူရကီပြည်သူများက တူရကီအလံနှင့် ဗာတီကန်အလံတို့ကို ဝှေ့ယမ်း၍ ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုခဲ့ကြသည်။
ပုပ်ရဟန်းမင်းကြီးမှာ စနေနေ့နှောင်းပိုင်းတွင် တူရကီရှိ ခရစ်ယာန်အော်သိုဒေါ့စ် အသင်းတော် အကြီးအကဲ ဘာသိုလိုမွေနှင့် တွေ့ဆုံမည်ဖြစ်သည်။
ရဟန်းမင်းများ၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ အမြင်မတူကြသောကြောင့် ကက်သလစ်အသင်းတော်နှင့် အော်သိုဒေါ့စ်အသင်းတော်အဖြစ် ၁၀၅၄ ခုနှစ်တွင် ကွဲသွားခဲ့ကြခြင်းဖြစ်သည်။
Agencies