Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ပထမဆုံးသော လွတ်လပ်ရေးနေ့ မိန့်ကြားချက်(ဝန်ကြီးချုပ် သခင်နု)

$
0
0

U Nu

ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူတစုတည်းရဲ့လွတ်လပ်ရေး မဟုတ်။ဗမာတနိုင်ငံလုံးမှာရှိတဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ကရင်နီ၊ ရခိုင်၊မွန်-ဗမာအစရှိတဲ့၊  ဗမာ တိုင်းရင်းသူ တိုင်းရင်းသား သွေးချင်း သားချင်း အားလုံးတို့စည်းစည်းလုံးလုံး ကြိုးပမ်းမှုကြောင့် ရတဲ့ လွတ်လပ်ရေး ဖြစ်တဲ့ အတွက်၊ ယခုလွတ်လပ်ရေးဟာ-ရှမ်း၊ချင်း၊ကချင်၊ကရင်၊ ကရင်နီ၊ရခိုင်၊မွန်-ဗမာ အစရှိတဲ့ တိုင်းရင်းသား သွေးချင်း သားချင်း အားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။ ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ-လူတန်းစား တစားတည်းရဲ့ လွတ်လပ်ရေး မဟုတ်။ ဗမာတနိုင်ငံလုံးမှာရှိကြတဲ့-လယ်သမား၊ အလုပ်သမား၊ဈေးသူ၊ဈေးသား၊ကျောင်းသူ ကျောင်းသား၊ အမှုထမ်း အရာထမ်းများမှ စ၍ တော်လှန်ရေးသမားများသို့တိုင်အောင် လူတန်းစားပေါင်းစုံက ညီညီညာညာ စွန့်စွန့်စားစားအုံကြွကာ-ကြိုးပမ်းမှုကြောင့်၊ ရရှိတဲ့လွတ်လပ်ရေးဖြစ် သဖြင့်။ ယခုလွတ်လပ်ရေးဟာ-လယ်သမား၊ အလုပ်သမား ၊ ဈေးသူဈေးသား၊ကျောင်းသူကျောင်းသား၊ အမှူထမ်း အရာထမ်းများမှစ၍၊ တော်လှန်ရေးသမားများ အထိ ပါဝင်သော လူတန်းစားအမျိုးမျိုးရဲ့ လွတ်လပ်ရေးဖြစ်တယ်။

ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ နိုင်ငံရေး တသင်း တဖွဲ့ တည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး-သမဂ္ဂ အစရှိတဲ့ နိုင်ငံရေး အဖွဲ့အသီးသီးဟာ၊ ကိုယ့်ဆိုင်ရာ နယ်နိမိတ် အတွင်းမှနေပြီး၊ နယ်ချဲ့စနစ်ကြီးကို၊ ဝိုင်းအုံ တိုက်ခိုက်ကြတဲ့အတွက် ရရှိလာတဲ့ လွတ်လပ်ရေးကြီးဖြစ် တာကြောင့် ယခုလွတ်လပ်ရေးဟာ- ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊ အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမား အစည်းအရုံး-သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့ လွတ်လပ်ရေးပင်ဖြစ်တယ်

ယခုလိုတနိုင်ငံလုံးရှိ တိုင်းရင်းသားအသီးသီး လူတန်းစားအသီးသီး အသင်းအဖွဲ့အသီးသီးတို့ အပြင်းအထန်ကြိုးပမ်းမှုကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်သဖြင့် ဤလွတ်လပ်ရေးကို တိုင်းရင်းသားအားလုံး-လူတန်းစားအားလုံး-အသင်းအဖွဲ့အားလုံး- ဟာ ရိုသေကြရမယ်။ မြတ်နိုးကြ ရမယ်။ လေးစားကြရမယ်။ ဒီလွတ်လပ်ရေးကို တိုက်ရိုက်အားဖြင့်သော်၎င်း ၊ သွယ်ဝိုက်တဲ့နည်း အားဖြင့်သော် ၄င်း ထိပါးငြိစွမ်း လာမယ်ဆိုလျှင်၊ တိုင်းရင်းသား အားလုံးသည်၎င်း လူတန်းစား အားလုံးသည်၎င်း- အသင်းအဖွဲ့ အားလုံးသည်၎င်း ၊ ရင်ကိုမြေကတုပ်လုပ်၍ ခုခံ ကာကွယ်စောင့်ရှောက်ကြရမယ် ၊ ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ-လူတမျိုးတည်း အတွက် အသုံးချရန် မဟုတ်၊ ဗမာ ပြည်ထောင်စု သမတနိုင်ငံ အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား အသီးသီးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ဒီလွတ်လပ်ရေးဟာ လူတန်းစားတစားတည်းအတွက် အသုံးချရန်မဟုတ် ။ လူ့အခွင့်အရေးများကို ဘယ်အခါမှ ဒင်းပြည့်ကျပ်ပြည့်မရခဲ့ကြဖူးတဲ့ လူတန်းစားအားလုံးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ဒီလွတ်လပ်ရေးဟာ-တသင်းတဖွဲ့တည်း အတွက် အသုံးချရန်မဟုတ်၊ ပြည်ထောင်စု အခြေခံ အုပ်ချုပ်ရေးစည်းမျဉ်းကြီးကို လိုက်နာရိုသေသော အသင်းအဖွဲ့အားလုံးအတွက်၊ မျှမျှတတ အသုံးချရန် ဖြစ်တယ်။

ဒီလွတ်လပ်ရေးမှ ပြည်ထောင်စု သမတ နိုင်ငံတော် အတွင်းရှိ လူအများဆုံးအတွက် အကျိုးအများဆုံး ရရှိနိုင်ဘို့အတွက် ဒီလွတ်လပ်ရေးကို ခိုင်ခိုင်ခံ့ခံ အုဠ်မြစ်ချပြီး ဗမာနိုင်ငံသစ်ကြီးကို ကျွန်တော်တို့ အင်အားရှိသလောက် တည့်တည့်မတ်မတ် ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ကြတော့မယ်။ ဒီဗမာနိုင်ငံသစ်ကြီးကို အပြီးသတ်တည်ဆောက်ပြီးတဲ့အခါ ၊ ဒီနိုင်ငံအတွင်းမှာ လူညွှန့်ခူးစားနေတဲ့ လူတန်းစားလဲမရှိတော့ဘူး။ လူညွန့်ခူး အစားခံနေရတဲ့ လူတန်းစားလဲ မရှိတော့ဘူး။ လက်ဝါးကြီးအုပ်နေတဲ့ လူတန်းစားလဲ မရှိတော့ဘူး။ လက်ဝါးကြီးအုပ် ခံနေရတဲ့ လူတန်းစားလဲ မရှိတော့ဘူး။ နှဖူးကချွေးခြေမ အထိ ကျအောင် ရွှံ့ဗွက်တွေထဲမှာ-စက်ရုံတွေထဲမှာ -တောအထပ်ထပ် တောင် အထပ်ထပ်တွေထဲမှာ-မြေတွင်းတွေထဲမှာ -နေပူမရှောင်၊ မိုးရွာမရှောင်၊ တကုန်းကုန်းတရုန်းရုန်းနှင့် လုပ်ကြရပြီး၊ လူတန်းစေ့ ဘဝကလေးတောင်မှ မရရှိကြတဲ့ လူတန်းစားတို့လဲ မရှိတော့ဘူး။ ဒီလူတန်းစားတွေကို ဒီလိုဘဝဆုံးအောင် နှိပ်ကွပ်ထားတဲ့ လူတန်းစားတွေလဲ မရှိတော့ဘူး။

ဒီနိုင်ငံသစ်မှာ ရှိရှိသမျှလူတွေဟာ ကိုယ့်အစွမ်း ရှိသရွေ့ ကိုယ်စွမ်းတဲ့ဘက်မှ ဝင်ပြီး အမှုထမ်းကြ၊ လယ်လုပ်တတ်တဲ့လူတွေက လယ်တွေလုပ်ကြ၊ စက်မောင်းတတ်တဲ့လူတွေက စက်မောင်းကြ။ တွင်းတွေ တူးနိုင်တဲ့လူတွေကလဲ တွင်းတွေကို တူးကြ။ ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ကြတဲ့လူတွေကလဲ တရားရုံးတွေ ရာဇဝတ် ဌာနတွေမှာ လုပ်ကြ။ ကာကွယ်ရေးမှာ ကျွမ်းကျင်ကြတဲ့လူတွေကလဲ စစ်တပ်တွေမှာ အမှုထမ်းကြ။ အအုပ်အချုပ် အစီအမံမှာ လိမ္မာပါးနပ်ကြတဲ့လူတွေကလဲ၊ အစိုးရဌာန အသီးသီးမှာ ဝင်ရောက်ဆောင်ရွက်ကြ။ အဲ့ဒီနည်းနှင့် ဗမာ့မြေတွင်းမြေပြင်မှာ ရှိတဲ့ အဆီအနှစ်တွေကို ဗမာတိုင်းရင်းသားတွေ လူတန်းစေ့စေ့နေနိုင်တဲ့အခြေအနေကစပြီး လိုသလောက်အသုံးပြုနိုင်တဲ့အခြေအနေအထိ အားလုံးဝိုင်းပြီး ကြိုးပမ်းကြရမယ်။ ဗမာ့မြေဆီမြေနှစ်တွေနှင့် ဗမာတိုင်းရင်းသူ၊တိုင်းရင်းသားတွေရဲ့ လူဦးရေနဲ့ယှဉ်ကြည့်မယ် ဆိုလျှင်၊ မြေဆီမြေနှစ်တွေက အင်မတန်များပြားနေတဲ့ အတွက် ခေါင်းဆောင်တွေကလဲ သစ္စာမဖေါက်ဘဲ- ခြေလှမ်းမမှားဘဲ- လူထုကလဲ ထမ်းဆောင်ရမည့်တာဝန်တွေကို မပျက်မကွက်ဘဲ၊ ဝါးအစည်းပြေသလို မပြေဘဲ- ဇွဲကောင်းကောင်နှင့် ကြိုးပမ်းလိုက်ကြရင်- ကျွန်တော်ပြောခဲ့တဲ့ ဗမာနိုင်ငံသစ်ကြီးဟာ – အနှေးထက် အမြန်ဆောက်ဖြစ်ရမယ်ဆိုတာ ကျွန်တော်အတည့် အလင်း ကျေညာလိုက်တယ်။

အဲ့ဒီနိုင်ငံသစ်ကြီးတည်ဆောက်နေတဲ့နေရာမှာ၊ ခေါင်းဆောင်တွေသစ္စာဖေါက်ကြရင်၎င်း၊ ခြေလှမ်းမှားကြရင်၎င်း၊ ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေး ကျောက်တိုင်ကြီးသည်- ထိုသစ္စာဖေါက်နေသော ခေါင်းဆောင်များ ကို၎င်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကို ၄င်း အချိန်မီ သတိပေးနိုင်သည်ဖြစ်ပါစေသတည်း။

အဲ့ဒီနိုင်ငံသစ်ကြီး တည်ဆောက်သည့်နေရာတွင် ဗမာ့လူထုကြီးသည် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ပျက်ကွက်လျှင်၎င်း၊ ဝါးအစည်းပြေသကဲ့သို့ ပြေကြတော့မည်ဆိုလျှင်၎င်း၊ ဤကျောက်တိုင်ကြီးသည် အချိန်မီ သတိပေးနိုင်သည်ဖြစ်ပါစေသတည်း။

အဲ့ဒီနိုင်ငံသစ်ကြီးအား တည်ဆောက်ခြင်းကို ဖျက်လိုဖျက်ဆီး လုပ်လိုသော ပြည်တွင်း ပြည်ပ ရန်သူများ ပေါ်ပေါက်လျှင်လည်း၊ ထိုရန်သူများကို အပြီးတိုင် ချေမှုန်းပစ်နိုင်သည် အထိ- ဗမာ့လူထုကြီးအား ဇာတိသွေး ဇာတိမာန် များ တခဲနက် တက်ကြွလာနိုင်အောင် ဤကျောက်တိုင်ကြီးသည် စွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။

ဓါတ်ပုံ အညွှန်း -သမ္မတကြီး စိဝ်ရွှေသိုက်ထံ ကျမ်းသစ္စာ ကျိမ်ဆိုနေသည့် ဝန်ကြီးချုပ် သခင်နု။ (၁၉၄၈ ခု ဇန်နဝါရီ ၄ ရက်)

(မြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေး နှင့် အသံလွှင့်ဌာန.. မှ ထုတ်ဝေသော ” မြန်မာနိုင်ငံတော် လွတ်လပ်ရေးအောင်ပွဲ ” စာအုပ်မှ မူရင်းအရေးအသား အတိုင်း ကူးယူဖေါ်ပြသည်။)

Credit => Nay Win FB စာမျက်နှာ


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...