Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အမိန့်တော်ရမင်း ဦးခင်စိုး (သာစည်)

$
0
0

ဇူလိုင် ၁၅ ၊ ၂၀၁၅
ရေးသား ပြုစုသူ- ပါမောက္ခဒေါက်တာအောင်ဇော်
U Khin soe
ဦးခင်စိုးကို အဘ ဦးအွတ်စမန်း အမိ ဒေါ်နှစ်တို့မှ ၁၉၀၄ ခုနှစ်တွင် ဖွားမြင်သည်။ သာသနာဘွဲ့မှာ ဦးယူစွတ် ဖြစ်သည်။ ငယ်စဉ်က အင်္ဂလိပ် မြန်မာ န၀မတန်းအထိ ပညာဆည်းပူးခဲ့သည်။ ရှေ့နေလုပ်ငန်းဖြင့် အောင်မြင်ကျော်ကြားသဖြင့် ကလောင်အမည်ကို ထိုခေတ်က အခေါ်အတိုင်း အမိန့်တော်ရမင်း ဦးခင်စိုးဟု ဖော်ပြသည်။ သာစည်မြို့ဇာတိဖြစ်၍ ဦးခင်စိုး (သာစည်)ဟုလည်း ရေးခဲ့သည်။

သတင်းလွတ်လပ်ခွင့် မရှိသော ဖက်ဆစ်ဂျပန်ခေတ်တွင် သတင်းစာ ခိုးဖတ်ခြင်း၊ ရေဒီယို ခိုးနားထောင်ခြင်းကြောင့် ဂျပန်တို့က ဖမ်းဆီးခြင်းခံရပြီး မန္တလေးထောင်သို့ ပို့ခြင်းခံရသည်။

ဦးခင်စိုးသည် ဒေါ်သန်းရီ ခေါ် ဒေါ်ရာဘီယာနှင့် ဖူးစာဆုံရာ သမီးဒေါ်ခင်ရီ နှင့် သားဦးတင်ဝင်းတို့ ထွန်းကားခဲ့သည်။ သမီးဒေါ်ခင်ရီသည် ဦးဘသော်နှင့် အကြောင်းပါပြီး သားဦးတင်ဝင်းသည် ဒေါ်မြခင်နှင့် အိမ်ထောင်ဖက်ခဲ့သည်။ ဦးခင်စိုး၏ သားမြေးမျိုးဆက်များ သာစည်တစ်ဝိုက်တွင် ကျန်ရစ်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီကပင် သာစည်မြို့နယ်ရှိ မွတ်စလင်မ်တို့သည် သာသနာရေးနှင့် အမျိုးသားရေး ကိစ္စများတွင် နိုးကြားလျက် ရှိသည်။ ၁၉၃၉ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် သာစည်မြို့၌ အထူးအစည်းအဝေးကြီး ခေါ်ယူခဲ့သည်။ ထိုအစည်းအဝေးကြီးက မြန်မာမွတ်စလင်တို့၏ အနာဂတ်ရေးအတွက် သုံးသပ်အဖြေရှာရန် ကော်မတီတစ်ရပ် ရွေးချယ်ခဲ့သည်။ သာစည်မြို့နယ် တိုင်းရင်းသား မြန်မာမွတ်စလင်မ် အဖွဲ့များမှ ခန့်အပ်သော ကော်မတီများဟု အမည်ပြုခဲ့သည်။ ဦးခင်စိုးကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။
ထိုကော်မတီက သာစည်မြို့နယ်ရှိ တိုင်းရင်းသားမြန်မာ မွတ်စလင်မ် အဖွဲ့များမှ ခန့်အပ်သော ကော်မတီများ ကြေညာစာတမ်းကို ထုတ်ဝေပြီး မိမိတို့ ရည်ရွယ်ချက်ကို တင်ပြခဲ့သည်။

ကျွန်ုပ်တို့သည် မည်သည့်နည်းနှင့်မျှ တိုင်းရင်းစစ် မဟုတ်ဟု မဆိုနိုင်သည့်အပြင် အစိုးရ ဂေဇက်ကလည်း ၀န်ခံထားပါလျက် ၎င်းသန်းခေါင်စာရင်း မှတ်တမ်းများတွင် တိုင်းရင်းစစ် ဇာတိသား အနေမျိုး ဖော်ထုတ်မပြခြင်းသည် ကျွန်ုပ်တို့အဖြစ် မသိမသာဆိုးလာခြင်း၏ အခြေခံပင်ဖြစ်လေသည်ဟု သာစည်ကြေညာစာတမ်းတွင် ဖော်ပြခဲ့သည်။

သာစည်ကြေညာစာတမ်းတွင် ယုံကြည်ကိုးကွယ်မှု တူနေသည်ကို အကြောင်းခံပြီး မြန်မာမွတ်စလင်မ်တို့ကို အိန္ဒိယသားစာရင်းတွင် မလိမ့်တစ်ပတ် ထည့်သွင်းကာ နိုင်ငံရေးအရ လူမျိုးရေးအရ အမြတ်ထုတ်ခံရသည့် အဖြစ်ကို ဖော်ထုတ်ထားသည်။ အိန္ဒိယသားများက ဇေရ်ဘာဒီဟု နှိမ့်ချခေါ်ဝေါ်သည်။ အိန္ဒိယသားများနှင့် စာရင်းရောနှောခြင်း ခံထားရသဖြင့် မြန်မာတို့က ကုလားဟု ခေါ်နေသည်။ ဤအခြေအနေတွင် မြန်မာမွတ်စလင်မ်တို့ နိုးကြားမှု ရှိစေရန် သေရေးရှင်ရေးတမျှ လိုအပ်လျက်ရှိပုံကို သိသာပေါ်လွင်အောင် ဖော်ထုတ်ပြသခဲ့သည်။

မြန်မာမွတ်စလင်မ်တို့ နိုးကြားမှု မရှိသည့် အခြေအနေကို သာစည်ကြေညာစာတမ်းတွင် –

“ကျွန်ုပ်တို့ မြန်မာမွတ်စလင်များသည် အိပ်ကောင်းတိုင်း အိပ်နေပြီး လူးလွန့်ရုံမှအပ မည်ကဲ့သို့ပင် လှုပ်၍နှိုးသော်လည်း မနိုးခဲ့ချေ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ နေထိုင်သော ရပ်ရွာမှ တစ်ပါး အခြားဒေသနှင့် ကျွန်ုပ်တို့နှင့် မဆိုင်ဟု ထင်ခဲ့၏ ယခုကဲ့သို့ ဖြစ်ရခြင်းမှာလည်း အိန္ဒိယ မွတ်စလင်မ်များ အမျိုခံရ၍ ကျွန်ုပ်တို့ မတတ်နိုင်သော စာကို သင်စေ၏။ အင်္ဂလိပ်စာ အချို့ မော်လ၀ီများအခေါ် (ဘိုင်လ်မွတ္တနာ) အဓိပ္ပာယ်က နွားသေးကြောင်းကဲ့သို့ ကောက်ကွေးသော စာကိုသင်လျှင် ဘာသာအပြင် ကျရောက်သည့် အနေမျိုး ဟောပြောခြင်း၊ ကျမ်းတော်မြတ်တွင် မပါသော မိရိုးဖလာ အယူဝါဒများကို ယူစေခြင်း၊ ကျမ်းတော်မြတ်ကိုလည်း ကြက်တူရွေးကို စကားသင်သကဲ့သို့ သင်စေခဲ့သဖြင့် ကျမ်းတော်မြတ်တွင် ပါရှိသော တိုင်းရေးပြည်မှု အဆီအနှစ်များကို တတ်ကျွမ်းနားမလည် ကျမ်းတော်မြတ်သည် ဘသာရေးမျှသာ သွန်သင်သော စာဟူ၍ ထင်မှတ်စေခဲ့သဖြင့် ယခုကဲ့သို့ အောက်တန်းကျ လူစဉ်မမီခြင်း၏ အဖြစ်သို့ ရောက်၏။”ဟူ၍ ဆန်းစစ်တင်ပြသည်။ အင်္ဂလိပ် စာသင်လျှင် ဘာသာအပြင် ရောက်မည်ဟု ဟောပြောခြင်းကြောင့် လည်းကောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်ကို ကြက်တူရွေးစာသင်သလို သင်စေခဲ့သောကြောင့်လည်းကောင်း၊ အောက်တန်းကျကာ လူစဉ်မမီဖြစ်ရကြောင်း သုံးသပ်တင်ပြမှုမှာ အလွန်တာသွားလှသည်။ ခေတ်မီရုံမက ခေတ်ရှေ့ပြေးအမြင် ဖြစ်သည်။

၁၉၄၅ ခု ဒီဇင်ဘာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် ကွန်ဂရက်(ဗမက) ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ထိုညီလာခံတွင် အဓိက ဆွေးနွေးသော အကြောင်းအရာမှာ ဗမာမွတ်စလင်မ်တို့သည် လွတ်လပ်သော အနာဂတ် မြန်မာနိုင်ငံတွင် လူများစုအဖြစ် နေမည်လော သို့မဟုတ် လူနည်းစုအဖြစ် နေမည်လော ဆိုသည်ကို အဆုံးအဖြတ်ပေးရန် ဖြစ်သည်။ ဗမက ခေါင်းဆောင်များသည် ထိုကိစ္စကို အလေးအနက် ဆွေးနွေးခဲ့ကြသည်။

ညီလာခံတွင် ဦးခင်စိုးသည် ပဲခူးမြို့မှ ဗမက အမှုဆောင် ကိုယ်စားလှယ် ဦးသိန်းဟံနှင့်အတူ ဗမာ မွတ်စလင်မ်များကို လူနည်းစုအဖြစ်နေရန် အဆိုကို တင်သွင်းခဲ့သည်။ နှစ်ဦးစလုံးသည် ဥပဒေ ပညာရှင်များ ဖြစ်ကြသဖြင့် မိမိတို့အဆိုကို ဥပဒေ ရှုထောင့်မှ အကိုးအကား အထောက်အထားများဖြင့် တင်ပြခဲ့ကြသည်။ တစ်ဖက်မှလည်း လူများစု အဖြစ်နေရန်အဆိုကို ချက်ကျလက်ကျ တင်ခဲ့ကြသည်။ ညီလာခံ နောက်ဆုံးနေ့ သန်းခေါင်အချိန်တွင် အဆိုကို မဲခွဲဆုံးဖြတ်ကြသည်။ မဲချင်းပါ တူနေသဖြင့် ဆရာကြီး ဦးရာဇတ်၏ သဘာပတိမဲဖြင့် ဗမာမွတ်စလင်မ်ကို လူများစု အဖြစ်နေရန်ဆုံးဖြတ်ခဲ့ကြသည်။ မိမိတို့ အဆိုအရေးနိမ့်သွား သောအခါ ဦးခင်စိုးသည် မိမိခံယူချက်အတိုင်း ဘာသာရေးလောကတွင် ဆက်လက်လှုပ်ရှားသွားသည်။

သာစည်မြို့တွင် ၁၉၄၆ ခု စက်တင်ဘာလ ၂၃ ရက်နေ့၌ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် အိုလမာအဖွဲ့ချုပ် စတင်ဖွဲ့စည်းမည့် ညီလာခံကို ကျင်းပခဲ့သည်။ ထိုညီလာခံသို့ အမျိုးသားခေါင်းဆောင် ဆရာကြီး ဦးရာဇတ် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။ ဆရာကြီး မိန့်ခွန်းတွင် –

“နောက်ဆုံးတွင် ကမ္ဘာတစ်သက် ခေတ်တိုင်းနေရာတိုင်းတွင် မလွှဲမရှောင်သာ ပက်ပင်းပါကြုံတွေ့ရ မည့် ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးရန် တမန်တော်များ၏ အချုပ်ဖြစ်သော တမန်တော် မုဟမ္မဒ်အား စေလွှတ်ပြီး လူတန်းစားမရွေး လက်တွေ့ကျင့်သုံးနိုင်ရန် အလို့ငှာ ကျမ်းစာများ၏ အမိဖြစ်သော ကုရ်အာန် ကျမ်းမြတ်ကို ချပေးသနားတော်မူခဲ့၏။ ယခုမူ မြန်မာပြည်တွင် မှီတင်းနေထိုင်ကြသော အစ္စလာမ် ဘာသာဝင် မွတ်စလင်များ၏ အိမ်တိုင်းလိုလိုမှာပင် ကုရ်အာန်ကျမ်းမြတ်ကို တွေ့ရှိရပေသည်။ မိဘများကလည်း ကလေးသူငယ်များကို အချိန်ကာလများစွာ အကုန်ခံပြီး ဂရုတစိုက် ကုရ်အာန်ကို သင်ကြားပေးကြသည်။ သို့သင်ကြားပေးသော်လည်း ပိုးသားကုန် မောင်ပုံ စောင်းမတတ် ခရီးတွင်၍ ရွာစဉ်မသိ ဆိုသလို အရဗီ ဘာသာဖြင့် ထုတ်ပြန်ချမှတ်ထားသော ကုရ်အာန်ကျမ်းမြတ်၏ အနက်အဓိပ္ပာယ် ကို တိကျပြတ်သားစွာ နားလည်သူကား အလွန်နည်းပြီး ယေဘုယျအားဖြင့် “ရွှေခဲကြက်တူရွေး” များနေသည်မှာ ၀မ်းနည်းဖွယ် ကောင်းလှတော့၏ဟု မွတ်စလင်မ်တို့သည် ကျမ်းတော်မြတ် ကုရ်အာန်ကို အဓိပ္ပာယ်နှင့်တကွ သိနားလည်ရန် လိုအပ်လှပုံကို ရှင်းလင်းမိန့်ကြားခဲ့သည်။ သာစည်ညီလာခံ ကြေညာ စာတမ်းပါ ဦးတည်ချက်ကို ပိုမိုလေးနက်စေသည့် မိန့်ခွန်းဟု ဆိုနိုင်ပါသည်။

သာစည်ညီလာခံ ကျင်းပပြီးနောက် ၁၉၄၇ ခု နိုဝင်ဘာလ ၂၄၊ ၂၅၊ ၂၆၊ ရက်နေ့များ မိတ္ထီလာမြို့၌ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင် အိုလမာ အဖွဲ့ချုပ်၏ ဒုတိယ ညီလာခံကို ကျင်းပခဲ့သည်။ အဆိုပါ ညီလာခံတွင် ဧည့်ခံကော်မတီဥက္ကဋ္ဌ မစ္စတာ အက်စ်အဟ်မဒ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ သို့ပြောကြားရာတွင် –

ဗမာမွတ်စလင်မ် အိန္ဒိယ မွတ်စလင်မ်ဟူ၍ အိုလမာများ နှစ်ခြမ်းကွဲပြားနေကြောင်း သိရ၍ ၀မ်းနည်းပါသည်။ ဤကဲ့သို့ ကွဲနေခြင်းသည် တရားတော်ကို ဆန့်ကျင်နေပါသည်။ ဗမာပြည်တွင်း၌ အစ္စလာမ် ဘာသာတို့၏ ကောင်းရာကောင်းကြောင်း အလို့ငှာ ယခု နှစ်ခြမ်းကွဲနေသော အိုလမာ အဖွဲ့ကြီးများသည် တစ်ဖွဲ့တည်း စုပေါင်းပါရန် လေးနက်စွာ တောင်းပန်ပါသည် ဟု ပန်ကြားထားသည်။

ဧည့်ခံကော်မတီ ဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ ဒုတိယ ချယ်ယာမင် ဦးခင်စိုးကလည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာ မွတ်စလင်မ် အိုလမာ ဋ္ဌာနချုပ် ဥက္ကဋ္ဌ မောင်လာနာ ဃာဇီမုဟမ္မဒ် ဟာရှင်မ်က လည်းကောင်း အသီးသီး မိန့်ခွန်းပြောကြားခဲ့ကြသည်။ ဦးခင်စိုး မိန့်ခွန်းတွင်

–  သာသနာ စောင့်ထိန်းခြင်း
–  ပညာရှိ အိုလမာများနှင့် မွတ်စလင်မ်များ၏ ကြီးလေးသော တာဝန်
–  ဘာသာမရှိဝါဒ
–  ဗမာပြည်တွင် ဗမာမွတ်စလင်မ်များ၏ အခြေအနေ
–  မိမိအမြင်ကို ပြောင်းလဲခြင်း မပြုလျှင်
–  အစ္စလာမ်ဘာသာသည် ဘာသာသစ်မဟုတ်
–  ပြည့်စုံ၍ ခေတ်မီသော ကျမ်း
–  အစ္စလာမ်ဘာသာ သဘာဝနှင့် ငြိမ်းချမ်းရေး
–  အစ္စလာမ်ဆိုသော စကားအဓိပ္ပာယ်မှာ
–  မွတ်စလင်ဆိုသော စကားအဓိပ္ပာယ်မှာ
–  အစ္စလာမ် ဘာသာနှင့်ပညာ
–  ဥရောပသား စာရေးဆရာကြီးများ၏ ရေးသားဖော်ပြချက် (Bosworth Smith,Canon, Arthur-Leonard,Draper, Renan, John De Van Port, Gusty Dieres ဟူသည့် စာရေးဆရာကြီးများ၏ ဝေဖန်ရေးသားချက်မူရင်းနှင့် ဘာသာပြန်များကို တင်ပြထားသည်။)

နိဂုံးမချုပ်မီ ကမ္ဘာကျော် စာရေးဆရာကြီးများ၏ ထင်မြင်ချက်များကို ဖော်ပြထားသည်။
(George Bernard Shaw, Goethe, Lamartine တို့ ထင်မြင်ချက်များ ပါဝင်သည်။)

အထက်ပါ စာရေးဆရာကြီးများ၏ ထင်မြင်ချက်ကို ထောက်ထားသော အစ္စလာမ် သာသနာသည် ကမ္ဘာတွင် အရေးရောက်သော ဘာသာတစ်ခုဖြစ်ကြောင်း ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ယဉ်ကျေးမှု မြှင့်တင်ရေးတွင် အစ္စလာမ်ကို ချိတ်ထား၍ မဖြစ်နိုင်၊ တစ်နည်းနည်းဖြင့် အသုံးချရမည့် ဘာသာ အယူဝါဒဖြစ်ကြောင်း အထက်ပါ ကမ္ဘာကျော် စာရေးဆရာကြီးများအပြင် အခြားရာဇ၀င်ရေး ဆရာကြီးများ ကလည်း ဤကဲ့သို့ပင် ယူဆရေးသားထားလေသည်။

အရဗီစကားသည် ကမ္ဘာကျော် အဓိပ္ပာယ် ကြွယ်ဝလေးနက်သဖြင့် ယခု တိုးတက်နေသော ခေတ်နှင့် လောကဓာတ်ရေးဆိုင်ရာများတွင် လွန်စွာမှ အထောက်အပံ့ရသော ဘာသာဖြစ်၍ ဥရောပတိုက်သားများသည် ဤဘာသာစကားကို အထူးအလေးပြု လိုက်စားသည့်အကြောင်း စာအုပ်များက ထင်ရှားဖော်ပြထားလေသည် ဟု ရှင်းပြခဲ့သည်။ နိဂုံးတွင်မူ –

“ဤအာယတ်တော် (၃း၀၉) အရ မွတ်စလင်မ်များသည် အကောင်းဆုံးဖြစ်ကြပါ။ ကမ္ဘာ့တာဝန်ကို ထမ်းကြပါ။ လူတို့၏ အကျိုး သယ်ပိုးရွက်ဆောင်ကြပါ။ အထက်တန်းသို့ ရောက်အောင် ပညာဖြင့် ဖန်တီးကြပါ။ ကိုယ်ကျင့်တရား ဆည်းကပ်ကြပါ။ အစွမ်းကုန် သန့်ရှင်းကြပါ။ သန့်ရှင်းစင်ကြယ်သော မွတ်စလင်များ ဖြစ်ကြပါ။ အစ္စလာမ့် ဂုဏ်ကို ထိန်းကြပါ´ဟု မေတ္တာရပ်ခံသည်။ ဦးခင်စိုးသည် လက်ရှိ အခြေအနေကို ကောင်းစွာ သိသည်။ ရှေ့ရေးကို မြော်မြင်သည်။ ရည်ရွယ်ချက် ရှိရှိ ပြောသင့်သမျှကို ရဲရဲဝံ့ဝံ့ ပြောသည်။ ပွင့်ပွင့်လင်းလင်း ရှိသည်။ ခိုင်ခိုင်လုံလုံ ရှိသည်။ ပြတ်ပြတ်သားသား ရှိသည်။ ပညာရှင် (အိုလမာ) အဖွဲ့ချုပ် ညီလာခံတွင် ပြောသောစကားဖြစ်၍လည်း များစွာတန်ဖိုးရှိသည်ဟု ဆိုနိုသည်။

၁၉၄၆ ခု သာစည်ညီလာခံတွင် သာသနာ့ ပညာရှင်များ ဆွေးနွေးတင်ပြခဲ့သော စည်းမျဉ်းမူကြမ်း အချက်အလက်များကို ဦးခင်စိုးနှင့် ဦးမောင်မောင်တို့က မှတ်သားခဲ့ကြသည်။ ထို့နောက် မိမိတို့ ကျွမ်းကျင် သော ဥပဒေပညာဖြင့် ပြည့်စုံသော စည်းမျဉ်းတစ်ရပ်ကို အချိန်ယူ ရေးဆွဲခဲ့ကြသည်။

၁၉၄၇ ခု မိတ္ထီလာ ညီလာခံတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် အိုလမာ အဖွဲ့ချုပ်၏ စည်းမျဉ်းကို ဦးခင်စိုးက ဖတ်ကြားတင်သွင်းခဲ့သည်။ ညီလာခံတက်ရောက်သူများက သဘောတူ ထောက်ခံ ကြသဖြင့် ဦးခင်စိုးတင်သွင်းသော စည်းမျဉ်းသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အမည်ဖြင့် အတည်ဖြစ်ခဲ့သည်။ ထိုမှစ၍ အစဉ်အဆက် သုံးစွဲခဲ့ကြသည်။ နောက်ပိုင်းတွင်လည်း အများဆုံး ကိုးကားခဲ့ကြသည်။

သာသနာ့ပညာ အခြေခံကောင်း၍ ခေတ်ပညာ နှံ့စပ်သော ဦးခင်စိုးသည် ၁၉၅၁ ခုနှစ်တွင် ထုတ်ဝေသော မွတ်စလင်မ် အပတ်စဉ် အတွဲ ၁ အမှတ် ၁ မှစ၍ ဆောင်းပါးများရေး၍ ပညာပေး စည်းရုံးသည်။ အစ္စလာမ် ဘာသာနှင့် လမ်းစဉ်များ ခေါင်းစဉ်ကြီးဖြင့် အခန်းဆက် ဆောင်းပါးများ ရေးသည်။ ခေါင်းစဉ်ငယ်များ ပြောင်း၍ စိတ်ဝင်စားဖွယ်ရေးသည်။ ဦးစွာ အသိဥာဏ်ရှိသော ပထမဦးဆုံး အကြောင်း တရားကြီး ခေါင်းစဉ်ငယ်ဖြင့် ခေတ်သစ်သိပ္ပံဒဿနက ကမ္ဘာလောကကို ဖန်ဆင်းသော အရှင်ရှိတော်မူကြောင်း ဖော်ပြရာတွင် ထိုစဉ်က သိပ္ပံလောက၌ စတင်သုံးနှုန်းလျက်ရှိသော First Intelligence Cause အကြောင်းကို ရှင်းပြခြင်း ဖြစ်သည်။

မွတ်စလင်မ် အပတ်စဉ် အတွဲ-၁၊ အမှတ်-၂ လာ အစ္စလာမ် ဘာသာနှင့် လမ်းစဉ်များ ခေါင်းစဉ်အောက်တွင်ပင် လောဘ၊ ဒေါသနှင့် အကောင်းအဆိုးနှစ်သွယ် ခေါင်းစဉ်တပ်ပြီး ဘာသာရေး နှင့် လောကီရေးကို အစ္စလာမ် ဘာသာက ပူးပေါင်းဆပ်စပ်ပြသည့်ပြင် နာမ်တရားနှင့် ပတ်သက်၍ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ ဟူသော တရားများ ချုပ်ချယ်၍ လူ့အကျိုးအတွက် အသုံးပြုရန်ကို သွန်သင်ပြသ၏။ ထိုကဲ့သို့ ချုပ်ချယ်၍ အသုံးပြုသောအခါတွင် တိရစ္ဆာန်နှင့် တူသောစိတ်မှ မြင့်မြတ်သော စိတ်ထားဘက်သို့ ပြောင်း၏ ဟူသည်ကို ရေလည်စွာ ရှင်းပြထားသည်။

အလားတူပင် အမှတ် ၆ တွင်လည်း အစ္စလာမ် သာသနာနှင့် လမ်းစဉ်များ ခေါင်းစဉ်ကြီး အောက်တွင်ပင် တစ်ဦးတည်း ကောင်းစားမှုမျိုးကို အစ္စလာမ်က အလိုမရှိ၊ ခေါင်းစဉ်ငယ်ဖြင့် ရှင်းပြသည်။ ဥပုသ်သီလ စောင့်ထိန်းခြင်း၊ ဟဂ်ျဝတ်ပြုခြင်း၊ ကုရ်ဗာနီ လုပ်စေခြင်းများသည် စိတ်ဓာတ် အရည်အချင်းကို ဖြစ်စေနိုင်သော အရာများဖြစ်သဖြင့် အစ္စလာမ် ဘာသာတွင် သတ်မှတ်ထားလေသည်ကို ပေါ်လွင်အောင် ရှင်းပြထားသည်။

အမှတ် ၇ တွင် အိုလမာနှင့် မွတ်စလင်မ်များ စည်းရုံးဖို့ အရေးကြီးလာပြီဟူသော ခေါင်းစဉ်ဖြင့် ရေးသည်။ တစ်ခုတည်းသော အိုလမာက အဖွဲ့ချုပ်ကြီး၏ အလံတော်အောက်သို့သာ မွတ်စလင်များ အုံကြွချီတက် ၀င်ရောက်စုရုံးလာရန် အထူးလေးနက်စွာ အကြံပေးတိုက်တွန်း ရေးသားသည်။ ကိုယ်ခံအား အတွက် ပညာသည်သာ အရင်းခံဟု ယုံကြည်သော ဦးခင်စိုးသည် ပညာရှင်များကိုလည်း အားထားဟန် တူပါသည်။

မွတ်စလင်မ် အပတ်စဉ် စာစောင် ရပ်ဆိုင်းသွားပြီး ကမ္ဘာ့အလင်း မဂ္ဂဇင်းပေါ်လာသော အခါတွင် လည်း ၁၉၅၃ ခု နိုဝင်ဘာလထုတ် အမှတ် ၁၂ မှ စ၍ အစ္စလာမ် ဤသို့ ခေါင်းစဉ်ဖြင့် တင်ပြသည်။ (နောက်ပိုင်းတွင် အခြားပုဂ္ဂိုလ် အချို့က အစ္စလာမ် ဘာလဲ၊ အစ္စလာမ် ဒါဘဲ ခေါင်းစဉ်များဖြင့် ရေးသား လာကြသည်ကို တွေ့ရသည်။)

အစ္စလာမ် ဤသို့ ဆောင်းပါးလာ လူတို့၏ သဘာဝ ဥပဒေ၊ လေးနက်စွာ လေ့လာလျှင် ခေါင်းစဉ်ငယ် အောက်တွင်

လူတို့၏ သဘာဝကို ဆန်းစစ်ကြည့်သောအခါ ရုပ်နာမ် နှစ်ပါးဒွန်တွဲလျက်ရှိကြောင်း တွေ့ရှိနိုင်သည်။ ဘုရားရှာမူ၊ အားကိုးအားထား ရှာကြံမှုအတွင်း အသိဥာဏ် စိတ်ဓာတ်ကိုပင် နာမ်တရားဟု ခေါ်ဆိုနိုင်လေသည်။ တမန်တော်က စကြ၀ဠာ ကမ္ဘာခပ်သိမ်းသည် တစ်ခုတည်းသော အမိန့်ဥပဒေကို သာသနာခံနေရသည်။ ထိုအမိန့် ဥပဒေသည် စိုးပိုင်တော်မူသော အရှင့်ထံတော်မှဖြစ်ကြောင်း လူသားတို့အား သိစေလေသည်။ သဘာဝကျသော လမ်းစဉ်ဖြင့်သာ အောင်မြင်ချမ်းသာ၊ သာယာဝပြောပေလိမ့်မည် ဟု ရှင်းပြသည်။ နိဂုံးတွင် အခွင့်သင့်လျှင် ဆက်ရေးသားပါမည် ဟု ကတိပေးခဲ့သည်။

ကတိအတိုင်း ၁၉၅၄ ခု ဇူလိုင်လထုတ် ကမ္ဘာ့အလင်း မဂ္ဂဇင်း အမှတ် ၁၉ တွင် “အစ္စလာမ် ဤသို့ ” ခေါင်းစဉ်ကို ဆက်ရေးသည်။ သဘာဝ ဥပဒေကို လေ့လာလျှင် ဤစကြ၀ဠာကြီး အရမ်းပဲ ဖြစ်ပေါ်လာခြင်းလော အမေးဖြင့်ပင် ရှင်းလင်းရေးသားခြင်း ဖြစ်သည်။ မဂ္ဂဇင်း အမှတ် ၂၄ အထိ အခန်းဆက် ရေးခဲ့သည်။

၁၉၅၄  ဒီဇင်ဘာလထုတ် ကမ္ဘာ့အလင်း မဂ္ဂဇင်းအမှတ် ၂၅ တွင် တမန်တော် မုဟမ္မဒ် သခင်၏ လူ့အခွင့်အရေးနှင့် သက်ဆိုင်သော “ပဋိညာဉ် စာချုပ်ကြီး” ဆောင်းပါးကို တင်ပြသည်။ အခန်းဆက် ဆောင်းပါးဖြစ်သည်။ ယခင်က မရေးခဲ့ဖူးသေးသော နက်နဲသည့် အကြောင်းအရာများ ဖြစ်သည်။

အမှတ် ၁၈ တွင် ရေးနေကျ အစ္စလာမ် ဤသို့ ဆောင်းပါးအပြင် လမြတ်ရမဇာန် ဆောင်းပါးလည်း တင်ပြထားသည်။

အချုပ်အားဖြင့် ဥပုသ်ဆောက်တည်ခြင်းသည် အကုသိုလ်စိတ် ပျောက်၍ စင်ကြယ်မှုရစေပြီး အရှင်နှင့် နီးကပ်မှုကို ဖန်တီးပေးခြင်း အရှင်မှတစ်ပါး အခြား မည်သူ၏ ရှေ့တွင် ဒူးမထောက်လို၊ အရှင်၏ လမ်းတွင် (၀ါ) လမ်းစဉ်တွင် စွန့်စားခြင်းကို သွန်သင်ပေးသဖြင့် ဤလကို မွန်မြတ်သောလဟု ဆိုထိုက်ပေသည်။ မြတ်သောလ အနေလည်း လက်ခံရပေမည် ဟု သုံးသပ်ပြသည်။

ကမ္ဘာ့အလင်း အမှတ် ၁၉ တွင် စာရေးသူကိုယ်တိုင်က ‘ကျွန်ုပ် ရေးနေသော ဆောင်းပါးများသည် နက်နဲသော ကုရ်အာန် ကျမ်းတော်မြတ်အလိုနှင့် နက်နဲသော သဘာဝနှင့် သိပ္ပံ သက်ဆိုင်ရာ သဘောတရားများကို စုဆောင်းလေ့လာပြီး၊ ဖန်ဆင်းခြင်း၊ သဘောတရားကို သဘာဝရှိနိမိတ္တ မဓမ္မ ထင်ရှားသော အကြောင်းအရာ နိမိတ်သဏ္ဌာန်ကို မှီငြမ်းပြု၍ လူအများ ဗဟုသုတ ဖြစ်စေရန် ရေးသားနေ သော ဆောင်းပါးတစ်ရပ် ဖြစ်လေသည်။’

ထို့အတွက် စာရှုသူများ ဤသဘောတရားကို ရှေ့ရှု၍ သည်းခံပြီး ဖတ်ကြစေရန် အထူးတောင်းပန် တိုက်တွန်းပါသည်။ တစ်ဖန် ဤဆောင်းပါးသည် မည်သည့်ဘာသာကိုမျှ ရည်စူး၍ ရေးနေသည် မဟုတ်ပါ။ ရုပ်ဝါဒ ယူဆချက်သည် သဘာဝ မကျခြင်းကို ဤအခန်းတွင် ဝေဖန်ရေးနေခြင်း ဖြစ်သည်ကိုလည်း အားလုံး သတိပြုစေလိုပါသည် ဟု မေတ္တာရပ်ခံ အသိပေးထားသည်။

ကွန်မြူနစ်ဝါဒ၊ ကွန်မြူနစ် သဘောတရားများ ရုပ်ဝါဒများ ကျယ်လောင်စွာ မြည်ဟည်းနေသော ပတ်ဝန်းကျင်တွင် ဦးခင်စိုးသည် ဘုရားမဲ့ ရုပ်ဝါဒကို ခိုင်မာစွာ ချေပရေးသားခြင်း ဖြစ်သည်။ ဘာသာရေး နှင့်  ခေတ်အတွေး နှစ်ဖက်လှ အရေးများဖြစ်သည်။ ထို့ကြောင့်ပင် ဆရာပသီကျော်ဦးက ‘ထိုဆောင်းပါးများသည် သိပ္ပံပညာနောက်ဆုံး တွေ့ရှိချက် အထောက်အထားများကို နက်နက်နဲနဲ ကိုးကား ရေးသားထားသော ဆောင်းပါးများဖြစ်သည်။ ထိုဆောင်းပါးများကို ကြည့်လျှင် သာစည်ကဲ့သို့ မြို့ငယ် တစ်မြို့မှ ယခုလို ခေတ်ရှေ့ပြေးနေသော စာပေများ ရေးသားခဲ့သည။ ဦးခင်စိုး၏ ကျယ်ပြန့်သော လေ့လာမှုကို မချီးကျူးဘဲ နေနိုင်မည် မဟုတ်ပေ။ ဦးခင်စိုး ရေးခဲ့သည့် ဆောင်းပါးစာတမ်းများကို စုစည်း၍ ပုံနှိပ်ထုတ်ဝေမည်ဆိုလျှင် ယခုအနှစ် ၅၀ ကျော်အထိလည်း စာဖတ်သူများကို ဆွဲဆောင်နိုင်ဆဲ ရှိပါလိမ့်မည်’ဟု သုံးသပ်ခဲ့ပေသည်။

၁၉၅၆ ခု ဒီဇင်ဘာလထုတ် အစ္စလာမ် စာစောင် အမှတ် ၁၂ အမိန့်တော်ရ ဦးခင်စိုး ကလောင်အမည်ဖြင့် အစ္စလာမ် ညွှန်ကြားချက်များ ဆောင်းပါးလက်ရာကိုလည်း တွေ့ရသည်။

ရှေ့နေကြီး ဦးခင်စိုးသည် မိမိခံယူချက်ကို ရဲဝံ့စွာ တင်ပြသူ ဖြစ်သည်။ ဝေလေလေတွင် မပါ၊ ရည်ရွယ်ချက်အတိုင်း ရာသက်ပန် လှုပ်ရှားသွားသည်။ ဘာသာရေး အယူအဆများကို ခေတ်မီစွာ တင်ပြတတ်သည်။ အာလင်၏ ‘အဓိပ္ပာယ်ကို မှန်ကန်စွာ ဖော်ကျူးသူ အတွေးအခေါ် မြင့်မားသူ၊ အမြော်အမြင်ကြီးမားသူ၊ သဘောတရား ခိုင်မာသူ ဖြစ်သည်။ ဘာသာရေးကို ခေတ်သိပ္ပံ အယူအဆ ဖြင့် တင်ပြသူများတွင် ကနဦးပုဂ္ဂိုလ်ဟု ဆိုနိုင်သည်။ ဦးခင်စိုးသည် ၁၉၇၃ ခု ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သာစည်မြို့၌ အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူခဲ့သည်။ ဆောင်းပါးများ မိန့်မှာချက်များကား ခေတ်မီဆဲ အကျိုးပြုဆဲ ဖြစ်ပါသည်။

မှတ်ချက်-  ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များစာအုပ် မှ ကူးယူဖော်ပြပါသည်။




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...