Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဘိုကိုဟရမ်အဖွဲ့မှာ ကုရ်အာန်မဖတ်တတ်သလို၊ အစ္စလာမ်ကိုလည်း လိုက်နာကျင့်သုံးခြင်းမရှိဟု နိုက်ဂျီးရီးယားစစ်တပ် ပြောကြား

$
0
0

သြဂုတ် ၃၁၊ ၂၀၁၅
M-Media

nige

– ဘိုကိုဟရမ် အစွန်းရောက်အဖွဲ့မှာ အစ္စလာမ်၏ အမည်နာမအား အလွဲသုံးစားလုပ်ခြင်းသာဖြစ်ပြီး ၎င်းတို့မှာ ကုရ်အာန်ကျမ်းတော်မြတ်အား မဖတ်တတ်သလို သာသနာကိုလည်း လိုက်နာကျင့်သုံးခြင်းမရှိဟု နိုက်ဂျီးရီးယားစစ်တပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

“နိုက်ဂျီးရီးယားစစ်တပ်က ဖမ်းဆီးရမိခဲ့တဲ့ ဘိုကိုဟရမ်အကြမ်းဖက်သမား အများစုဟာ ကုရ်အာန်မဖတ်တတ်ပါဘူး။ သူတို့ထဲကအချို့ဆိုရင် ကျမ်းတော်မြတ်ရဲ့ ပထမဆုံးကဏ္ဍ အလ်ဖာသေဟာကိုတောင်မှ မရပါဘူး။ ဒါပေမယ့် သူတို့က အစ္စလာမ့်နိုင်ငံထူထောင်ချင်တယ်လို့ ကျွေးကြော်ကြပါတယ်” ဟု နိုက်ဂျီးရီးယားစစ်တပ် ပြည်သူ့ဆက်ဆံရေးဌာနမှ ဗိုလှ်မှူးကြီး ဆာနီ ကူကာရှီကာ အူစမန်က Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ၎င်းတို့၏ လုပ်ရပ်များမှာ အလွန်အမင်း ရှက်စရာကောင်းပြီး၊ နိုက်ဂျီးရီးယားစစ်တပ်က ဘိုကိုဟရမ်၏ စခန်းများနှင့် လေ့ကျင့်ရေးနေရာများကို သိမ်းပိုက်ရာတွင် ကုရ်အာန်ကျမ်းတော်မြတ်၊ ဟဒီးစ်စာအုပ်နှင့် အစ္စလာမ့်ရေးရာ စာအုပ်စာပေများကို လုံးဝ မတွေ့ခဲ့ရဟု ထည့်သွင်းပြောကြားခဲ့သည်။

“နိုက်ဂျီးရီးယားအရှေ့ပိုင်း ဘော်နိုပြည်နယ် ဆမ်ဆီဆာသစ်တောထဲက သူတို့ရဲ့ ဒေသတွေမှာ တွေ့တာတွေအားလုံးက လက်နက်ခဲယမ်းတွေ၊ ကွန်ဒုံးတွေနဲ့ ကာမအားတိုးဆေးပါအ၀င် ဆေးဝါးအစုံပါပဲ” ဟု အူစမန်က ထပ်လောင်းပြောကြားခဲ့သည်။

အူစမန်၏ Facebook မှ အဆိုပါပို့စ်ကို အသုံးပြုသူရာပေါင်းများစွာက ဘိုကိုဟရမ် အကြမ်းဖက်အုပ်စုမှာ အစ္စလာမ်၏ပုံရိပ်ကို မှေးမှိန်ညှိုးနွမ်းစေသည်ဟူသော မှတ်ချက်များဖြင့် ပြန်လည်မျှဝေခဲ့ကြသည်။

“တကယ်တော့ သူတို့တွေဟာ အစ္စလာမ်ဘာသာဝင်တွေ မဟုတ်ကြဘူးဆိုတာ ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်း သိကြပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့သိတဲ့ အစ္စလာမ်ဘာသာဝင်ကောင်းဆိုတာ သူတို့ရဲ့ အပေါင်းအဖော် လူသားတွေကို အနောက်တိုင်းပညာရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ခေါင်းဖြတ်သတ်ရလောက်အောင် အကြင်နာတရား မမဲ့နိုင်တာကြောင့်ပါပဲ” ဟု အဆိုပါသတင်းနှင့်ပတ်သက်၍ Naij.com ၌ အသုံးပြုသူတစ်ယောက်က ရေးသားထားသည်။

အခြား အွန်လိုင်းအသုံးပြုသူတစ်ယောက်ကလည်း “စိတ်ဝင်စားစရာပဲ – ကျွန်တော်တို့ အမြစ်ကိုလှန်ပြီး သူတို့ကို စပွန်ဆာပေးနေတဲ့သူတွေ၊ ဘဏ္ဍာရေးထောက်ပံ့နေတဲ့သူတွေကို လိုက်ရပါမယ်” ဟု မှတ်ချက်ပေးခဲ့သည်။

ထို့ပြင် နိုက်ဂျီးရီးယားစစ်တပ်မှ အရာရှိဟောင်းတစ်ဦးဖြစ်သူ စတီဖင် အန်ဒိုးကလည်း ဘိုကိုဟရမ်မှာ မည်သည့်အခါကမှ မွတ်စလင်မဟုတ်ခဲ့ဟု ဆိုသည်။

“အစကတည်းက သူတို့ဟာ မွတ်စလင်တွေမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ သူတို့ကြောင့် နိုက်ဂျီးရီးယားဟာ ညီညွတ်လာမှာဖြစ်ပြီး ဘာသာရေး၊ လူမျိုးစုခြားနားမှုနဲ့ အခြားသော အမျိုးကောင်းစားရေးဝါဒတွေကို ဘေးဖယ်ထားဖို့ အကူအညီဖြစ်စေမယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ကျွန်တော်တို့ ဒါကို မဖြစ်မနေ ရင်ဆိုင်ရမယ်။ ဒီပြဿနာက မြောက်ပိုင်းတစ်ပိုင်းတည်းမဟုတ်ပါဘူး။
နိုက်ဂျီးရီးယားတစ်ခုလုံးကို ရိုက်ခတ်မှာပါ။ ဒီ ဆိုးရွားတဲ့လူတွေကို ရှုတ်ချဖို့ ကျွန်တော်တို့အားလုံးက တစ်သံတည်းထွက်ဖို့ လိုပါတယ်” ဟု အန်ဒိုးက ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း နိုက်ဂျီးရီးယားအစိုးရမှာ နိုင်ငံအရှေ့မြောက်ပိုင်းတွင် အခြေစိုက်သည့် ဘိုကိုဟရမ်အဖွဲ့ကို ရင်ဆိုင်ရန် ရုန်းကန်ခဲ့ရပြီး တိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။

Ref: Onislam




Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...