စက်တင်ဘာ ၂၄၊ ၂၀၁၅
M-Media
– အရှေ့အလယ်ပိုင်းဒေသမှ ဒုက္ခသည်များကို ကူညီရန်အတွက် ကုလသမဂ္ဂ အေဂျင်စီများသို့ အနည်းဆုံး ကန်ဒေါ်လာ ၁.၁ ဘီလီယံ ထောက်ပံ့ပေးသွားရန် ယမန်နေ့က ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် ဥရောပခေါင်းဆောင်များက ကတိပြုခဲ့ပြီး ဥရောပသို့ ဒုက္ခသည်များ စီးဆင်းမှုရပ်တန့်ရေး ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြသည်။
ဘရပ်ဆဲလ်မြို့တွင် ဥရောပခေါင်းဆောင်များ အရေးပေါ်ပြုလုပ်ခဲ့သည့် အဆိုပါအစည်းအဝေး၌ ဥရောပသမဂ္ဂ ဥက္ကဌ ဒေါ်နယ်လ် တက်စ်က မိမိတို့မျှော်လင့်ထားသည်ထက် ပို၍ သေချာစွာ ဆောင်ရွက်နိုင်ခဲ့သောကြောင့် အလွန်ကောင်းမွန်သော အစည်းအဝေးဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ယခုနှစ်နွေရာသီတွင် ဒုက္ခသည်ပြဿနာ အဆိုးဝါးဆုံး ခံစားနေရသည့် ဟန်ဂေရီနှင့် သြစတြီးယား ခေါင်းဆောင်များ အကြားတွင်လည်း အလွန်အရေးပါ၍ အားတက်စရာကောင်းသည့် ပြောဆိုမှုများကိုလည်း မိမိကြားခဲ့ရသည်ဟု တက်စ်က ဆိုသည်။
“ဒီနေ့ အစည်းအဝေးနဲ့ ဒီအခြေအနေမျိုးဟာ အင်မတန် အပြုသဘောဆောင်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ အတော်လေး အဓိပ္ပါယ်ရှိတဲ့အချိန်ဖြစ်ခဲ့ပြီး အန္တရာယ်ရှိတဲ့ အပြစ်တင်မှုတွေကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ရပ်ပစ်လိုက်ပါပြီ” ဟု ပိုလန် ၀န်ကြီးချုပ်ဟောင်းဖြစ်သူ တက်စ်က ပြောကြားခဲ့သည်။
ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကမူ ဒုက္ခသည်များအရေး ကိုင်တွယ်မှုညံ့ဖျင်းခဲ့သည့် ဥရောပ အရှေ့ပိုင်းနိုင်ငံများကို ဝေဖန်ခဲ့သည်။
“ပြဿနာကို ဆုံးဖြတ်ချက်ချရုံနဲ့ မဖြေရှင်းနိုင်ဘူးဆိုတာ ကျွန်မတို့သိပါတယ်။ ဒါပေမယ့် လုပ်ဆောင်ရမယ့်အရာ အများကြီးထဲက တစ်ခုကို ကျွန်မတို့ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒီစမ်းသပ်မှုကို ကျွန်မတို့ အတူတကွ ရင်ဆိုင်ဖြေရှင်းချင်တယ်ဆိုတဲ့ ခံစားမှု ကျွန်မမှာ ရှိပါတယ်” ဟု မာကဲလ်က ပြောကြားခဲ့သည်။
ဥရောပ ပြည်ထဲရေးဝန်ကြီးများမှာ အင်္ဂါနေ့ကလည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဒုက္ခသည် ၁၂၀၀၀၀ ကို ခွဲဝေလက်ခံရန် သဘောတူခဲ့ကြသည်။
Ref: Aljazeera