Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မွတ်စ်လင်မ် လူနည်းစုအပေါ် မြန်မာ ဗုဒ္ဓဘာသာဝင်တို့၏ သဘောထား (ဘာသာပြန် သတင်း-ဆောင်းပါး)

$
0
0

သြဂုတ်လ- ၁၉ ရက်၊ ၂၀၁၃
M-Media
မူရင်းဆိုဒ်-THE IRISH TIMES
ဘာသာပြန်ဆိုသူ – မြင့်မိုရ်မောင်မောင်

အမုန်းတရား နှင့် အကျဉ်းအကြပ်

ရိုဟင်ဂျာ နှင့် အခြားမွတ်စ်လင်မ်တို့အပေါ် အစွန်းရောက်ဗုဒ္ဓဘာသာဝင်တို့မှ လူမျိုးကြီးဝါဒဖြင့် အမုန်းတရားမီးမွှေးနေခြင်းမှာ နိုင်ငံရေးမှိုင်းတိုက်မှု၌ အပါအ၀င်ဖြစ်သည်။

 

irishtimes

(ဓာတ်ပုံ – စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်အ၀င်ရှိ စစ်ဆေးရေးဂိတ်တစ်ခု ) Photograph: Tom Farrell

မြန်မာနိုင်ငံအနောက်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၏မြို့တော်ရှိ ဌာနဆိုင်ရာအဆောက်အဦးများကို အသာထားဘိဦး။ နောက်ဆုံးကျန် မွတ်စ်လင်မ်ရပ်ကွက်သို့ ခွင့်ပြုချက်မရဘဲ သွားလာသူအားလုံးကို ရပ်တန့်စစ်ဆေးရန် စစ်ဆေးရေးဂိတ်တစ်ခု ပြုလုပ်ထားသည်။ အောင်မင်္ဂလာရပ်ကွက်နှင့် မီတာတစ်ရာကျော်မျှသာကွာဝေးသော ၄င်းနေရာအနီးတစ်ဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များ နေပူကြဲကြဲအောက်၌ လျော့တိလျော့ရဲထိုင်နေကြသည်။ ယင်းရပ်ကွက်မှာ လူဦးရေ ၇၀၀၀ ခန့်ရှိ ရိုဟင်ဂျာမွတ်စ်လင်မ်အများစုနေထိုင်ကြသည့် ရပ်ဝန်းဖြစ်ပြီး ၄င်းတို့သည် ယမန်နှစ်အကြမ်းဖက်မှုနောက်ပိုင်းတွင် ပိတ်လှောင်ကန့်သတ်ခြင်း ခံနေကြရ၏။

ရခိုင်ပြည်နယ်အတွင်း ယမန်နှစ် ဇွန်နှင့်အောက်တိုဘာလများ၌ မွတ်စ်လင်မ်နှင့်ဗုဒ္ဓဘာသာဝင်တို့အကြား ပဋိပက္ခဖြစ်လာအောင် ရည်ရွယ်ဖန်တီးမှုများ ဖြစ်ခဲ့သည်။ လူများစုဖြစ်သော ဗုဒ္ဓဘာသာဝင်တို့က တစ်ဖက်သတ်အမုန်းပွားမှုဖြင့် လူနည်းစု ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထားခဲ့ကြသည်။ ရိုဟင်ဂျာတို့သည် ၁၉၈၂ ခုနှစ်တွင် နိုင်ငံသားဖြစ်ခြင်းမှ ပစ်ပယ်ခံရပြီး၊ ၂၀၁၁ ခုနှစ် မတ်လ၌ အာဏာရယူခဲ့သော စစ်တပ်တစ်ပိုင်းအရပ်သားတစ်ပိုင်းလက်ထက်၏နောက်မှာလည်း လွတ်မြောက်ခြင်းလမ်းစဟူ၍ မတွေ့ရသလောက်ပင်။ ဤနှစ်အတွင်း ကြိုကြားကြိုကြားအကြမ်းဖက်မှုရှိလာခဲ့ရာမှ မြန်မာနိုင်ငံအခြားဒေသများထံ ပျံ့နှံ့လာခဲ့သည်။ ယခုသော် မြန်မာ့လူဦးရေပမာဏ၏ ၅ % မျှရှိသော ရိုဟင်ဂျာမဟုတ်သည့် အခြားမွတ်စ်လင်မ်တို့ကိုပါ ပစ်မှတ်ထား ဦးတည်လာကြတော့၏။

ဒေသခံရိုဟင်ဂျာအရေးလှုပ်ရှားသူနှင့်စကားပြန်ဖြစ်သော ဦးအောင်ဝင်း(၅၇ နှစ်)သည်ပင်လျှင် စစ်ရေးဂိတ်အား ကျော်ဖြတ်ရန် စိတ်မကူးရဲသည့်အခြေအနေ၌ ရှိနေသည်။ လမ်းမပေါ် ဖြတ်ထွက်မလာနိုင်သော်လည်း မီတာအနည်းငယ် ကွာဝေးသောနေရာမှ မိုဘိုင်းလ်ဖုန်းဖြင့်တော့ ပြောကြားနိုင်ခဲ့သည်။
“ ဘယ်သူမဆို ဒီနေရာကနေ အပြင်ထွက်လိုယင် ကျပ်ငွေ တစ်သောင်းခွဲ ပေးရတယ်။ အ၀င်အထွက် အသွားအပြန် တစ်ကြိမ်အတွက် သူတို့က ငွေသုံးသောင်းယူကြတယ်။ လမ်းခရီးအသွားအပြန်ကိုလည်း ၂ နာရီထဲ အချိန်ပေးတယ်။ ဆေးဝါးကုသခံယူရေးကိုလည်း ဆိုးဆိုးဝါးဝါး ထိန်းချုပ်ကန့်သတ်ထားကြပါတယ် ” ဟု သူမှ ပြောကြားခဲ့သည်။

“ ယမန်နှစ် ဇွန်လက စတင်ခဲ့တာပေါ့ဗျာ။ စစ်တွေမြို့ခံမဟုတ်တဲ့ သူစိမ်းတွေနဲ့အတူ ရခိုင်အစွန်းရောက်တွေ ရောက်လာကြတယ်။ ရိုဟင်ဂျာရွာတွေကို တိုက်ခိုက်ခဲ့ကြတယ်။ ရွာပေါင်း ၁၃ ရွာ ဖျက်ဆီးခံရပြီး လူ ၁၀၀ ထက်မနည်း သတ်ဖြတ်ခံလိုက်ရပါတယ် ” ဟုလည်း ပြောပြပါသည်။

ဦးအောင်ဝင်း၏နေအိမ်သည် စစ်တွေမြို့ဟိုတယ်ကြီး၏နောက်တွင် တည်ရှိသည်။ ၄င်းနှင့် အနည်းငယ်ကွာဝေးသောနေရာ ရခိုင်ပြည်နယ်ပြတိုက်အနီးတွင် ၁၈၅၉ ခုနှစ်က တည်ဆောက်ခဲ့သည့် မြို့၏ ဂုဏ်ဆောင် ဂျာမေ့ဗလီကြီး ရှိနေ၏။ သို့သော် ၄င်း၏မြေပေါ်တွင် ခြုံနွယ်မြက်ပင်များ ဖုံးလွှမ်းနေပါသည်။ ပင်မ၀င်ပေါက်အား ရခိုင်လူမျိုးပိုင် အအေးနှင့်မုန့်ဆိုင်များဖြင့် ပိတ်ကာဖွင့်လှစ်ထားကြသည်။ ဘေးဝင်ပေါက်ကိုကား ရိုင်ဖယ်သေနတ်ကိုင် ရဲနှစ်ဦးမှ ပိတ်ဆို့ထားသည်။ လမ်းအောက်ဖက်မှာတော့ မြန်မာနိုင်ငံမှ ယခုနှစ်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကားချပ်ကြီးကို စိုက်ထူထားလေသည်။

မြန်မာနိုင်ငံသည် အချိန်ကြာမြင့်စွာ ပိတ်ဆို့ခံထားခဲ့ရသည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်များကို တစ်ဖက်သတ် ကြေငြာသည့်အတွက် အမည်ဆိုးနှင့်ကျော်ကြားခဲ့သည်။ လာမည့်နှစ်တွင် သမ္မတဦးသိန်းစိန်သည် အာဆီယံနိုင်ငံများအသင်းဥက္ကဌအဖြစ် ဆောင်ရွက်ရန်အကြောင်းဖြင့် ပြန်လည်မျက်နှာပန်းလှခဲ့သည်။
“မြန်မာ့နွေဦး” ဟု သုံးနှုန်းနိုင်အံ့သောအရေးသည် အရှိန်ဖြင့် ဆက်လှိမ့်နေပါသည်။ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်တွင် ၄၉ နှစ်တာကာလအတွင်း ကြားဖြတ်အစိုးရမဟုတ်သည့် မြန်မာနိုင်ငံ၏ပထမဆုံးအရပ်သားသမ္မတဖြစ်လာခဲ့သည်။

ထိုနှစ်တွင် ၁၅ နှစ်မျှ နေအိမ်အကျယ်ချုပ်ဖြင့်ထိန်းသိမ်းခံရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက်၊ လွန်ခဲ့သည့် ဧပြီလ၌ ဒေါ်စုကြည်၏ NLD ပါတီအား ကြားဖြတ်ရွေးကောက်ပွဲသို့ ၀င်ရောက်ခွင့်ပြုခဲ့သဖြင့် ဦးသိန်းစိန်မှာ နာမည်ကောင်းရလာခဲ့သည်။ ယခုသော် ဒေါ်စုကြည်မှာ လွှတ်တော်အမတ်တစ်ဦး နှင့် တရားဥပဒေစိုးမိုးတည်ငြိမ်ရေးကော်မတီ၏ဥက္ကဌ ဖြစ်နေပေပြီ။

ဆင်းရဲမွဲတေမှု နှင့် အကျင့်ပျက်ခြစားခြင်း

သို့ရာတွင် လွှတ်တော်နှစ်ရပ်လုံးရှိ ဦးသိန်းစိန်၏ နိုင်ငံတော်အဆင့်အာဏာပိုင်များ (တနည်း) ပမာဏတစ်ရပ်အထိနေရာရယူထားသော စစ်အရာရှိဟောင်းများမှာ စစ်တပ်၏ကိုင်တွယ်ထိန်းချုပ်မှုအောက်၌ ရှိနေဆဲ ဖြစ်သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲရလဒ်ဖြင့် သူ၏ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်နေရာ ၇၅ % အထက် ရရှိခဲ့သော်လည်း ထိုရွေးကောက်ပွဲကို မရိုးသားမှုအဖြစ် နိုင်ငံတကာမှ ရှုမြင်ထားသည်။ မြန်မာနိုင်ငံ၌ ရွာပေါင်း ၈၅၀၀၀ ကျော်ရှိသည်တွင် အများစုမှာ ဆင်းရဲတွင်းနက်သထက်နက်နေသည်။ နှစ်များစွာကပင် စစ်တပ်နှင့် ၄င်း၏ စီးပွားရေး ခရိုနီများမှ လက်လွှတ်စံပယ်လယ်မြေသိမ်းဆည်းခြင်းများ ရှိခဲ့ပြီး ပြန်လည်အစားပေးစီမံမှုမှာ မဆိုစလောက်မျှသာ ရှိသေးသည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက်ခွင့်တောင်းခံရာတွင် အစိုးရပိုင်းထံမှ “ သူတို့ဟာ ရိုဟင်ဂျာ မဟုတ်ဘူး၊ ဘင်္ဂါလီတွေဖြစ်တယ် ” ဟု ရုန့်ရင်းခါးသည်းစွာ ပြောဆိုမှုများကိုလည်း ကြုံဆုံရ၏။ ၄င်းက အပြန်အလှန်တင်းမာမှုအရှိန်မြင့်မားလာခြင်း၏တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေသည်။

ဗုဒ္ဓဘာသာဝင်ရခိုင်များစွာတို့၏အမြင်၌ ရိုဟင်ဂျာတို့ကို ၄င်းတို့၏အစ္စလာမ်ယုံကြည်ချက်နှင့်သွင်ပြင်လက္ခဏာများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာသည့် မျိုးဆက်အချို့၏အနွယ်များအဖြစ် သဘောထားလျက်ရှိသည်။
ရိုဟင်ဂျာအရေးကျွမ်းကျင်သူနှင့်လှုပ်ရှားဆောင်ရွက်သူတစ်ဦးဖြစ်သော အဘူ သွာဟေးမှ “ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကတည်းက ရှိခဲ့ကြတယ်။ ရခိုင်ပြည်နယ်ထဲတွေ့ရတဲ့ ၈ ရာစုခေတ် ကျောက်စာတွေမှာ သက်သေအထောက်အထားအဖြစ် တွေ့ရပြီးဖြစ်တယ်။ အဲ့ဒီတွေ့ရှိချက်အရ ရိုဟင်ဂျာဘာသာစကားဟာ ယနေ့ရခိုင်ဘာသာစကား နဲ့ ၁၀၀ % ကွဲပြားခဲ့ပါတယ် ” ဟု ပြောပြသည်။

စစ်အုပ်ချုပ်ရေးခေတ် ၁၉၈၂ နိုင်ငံသားဥပဒေက ရိုဟင်ဂျာတို့အား နိုင်ငံမဲ့ဌာနီမဲ့ အဖြစ် ဖန်တီးခဲ့သည်။ ၄င်းတို့သည် မိမိတို့မြို့ရွာများမှ ခရီးထွက်လိုလျှင် ခွင့်ပြုချက်ယူရသည်။ မြေယာပိုင်ဆိုင်ခွင့် မရှိကြ။ အိမ်ထောင်စုတစ်စုလျှင် ကလေး ၂ ဦးသာ ယူခွင့်သတ်မှတ်ခံရသည်။ ၁၉၇၈ နှင့် ၁၉၉၁ ခုနှစ်အတွင်း စစ်တပ်ကပြုလုပ်သော စစ်ဆင်ရေးများကြောင့် ထောင်နှင့်ချီ၍ ဒုက္ခသည်ဘ၀ရောက်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာဒုက္ခသည်များ သုံးသိန်း၊ ထိုင်းနယ်စပ်တွင် တစ်သိန်းခန့် ရှိနေကြ၏။ ဘင်္ဂါလီဟူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း မွေးဖွားကြီးပြင်းဆင်းသက်လာသူများကို အစဉ်အလာအရ ခေါ်ဆိုခြင်းဖြစ်သည်။ သို့သော် ဘင်္ဂလားဒေ့ရှ်သည် ဘင်္ဂလား ပင်လယ်အော်ကို လှေငယ်လေးဖြင့် အသက်စွန့်ဖြတ်သန်းလာသူများကို နေရပ်ပြန်ပို့လေ့သာရှိသည်။ ယမန်နှစ် အဓိကရုဏ်းဖြစ်စဉ်ကာလအတွင်း မိမိနိုင်ငံအတွင်း နောက်ထပ်ဝင်ရောက်လာမည့် ဒုက္ခသည်များအား လက်ခံရန်အနေအထား မရှိတော့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးမှ ပြောကြားခဲ့သည်။

ကုလားတန်မြစ် နှင့် ဘာရွန်ဂါကျွန်းသို့ ဦးတည်သော စစ်တွေမြို့ပြင်ဆင်ခြေဖုံးဒေသများသို့ သွားလျှင်  ၀ါးနှင့်ပြည်တွင်း ပရိဘောဂတို့ဖြင့် တည်ဆောက်ထားသည့် UNHCR တံဆိပ်ပါ ယာယီတဲများကို တန်းစီပြီး တွေရသည်။

မိုးရွာသွန်းမှုကြောင့် ရွှံ့ဗွက်မြေပြင်ဖြစ်နေသော စက်ရုံစုစခန်းတွင် အိမ်ထောင်စု ၁၅၀ ခန့်ကို စိတ်မချမ်းမြေ့ဖွယ် အနေအထားများဖြင့် တွေ့မြင်ရသည်။ ညစ်ပတ်သောနေရာများ၏နေရိပ်အောက်တွင် လူကြီးများကထိုင်နေကြပြီး အသံတစီစီကလေးငယ်များက ၀န်းရံနေကြသည်။

ယမန်နှစ်နွေရာသီ၌ အကြမ်းဖက်ပထမလှိုင်းလုံး ပွင့်အံခဲ့သည်။ ယင်းဖြစ်ရပ်၏ မောင်းခလုတ်မှာ ကျောက်ဖြူမြို့မှ အသက် ၂၇ နှစ်အရွယ် ရခိုင်အမျိုးသမီးတစ်ဦးကို ရိုဟင်ဂျာအမျိုးသားသုံးဦးက ရက်စက်စွာ မုဒိန်းကျင့်သတ်ဖြတ်ခဲ့သည်ဟူသော စွဲချက်ဖြစ်သည်။

အခြားတစ်မြို့တွင် ခရီးသည်တင်ကားတစ်စီးကို ရခိုင်လူရမ်းကားတစ်စုမှ ရပ်တန့်စေပြီး ရိုဟင်ဂျာခရီးသည် ၁၀ ဦးကို သတ်ဖြတ်ခဲ့ကြသည်။ ၄င်းမှာ ဇွန်လ ၃ ရက် ဖြစ်၏။ တစ်ပတ်အကြာ စစ်တွေမြို့သို့ အကြမ်းဖက်မီးရှို့ခြင်းများ ကူးစက်ဖြစ်ပွားသည်။ ဦးသိန်းစိန်အာဏာရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ်အခြေအနေအဖြစ်ကြေငြာပြီး စစ်တပ်ဖြင့် ထိန်းချုပ်စေခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဒုတိယအကြမ်းဖက်လှိုင်းမှာ အောက်တိုဘာလတွင် ဖြစ်ခဲ့သည်။ ၄င်းနောက်ပိုင်း မွတ်စ်လင်မ်တို့နှင့် ရောင်းဝယ်ဖောက်ကားမှုမပြုရန် သတိပေးစာများ၊ ပိုစတာများကို ပြည်နယ်အတွင်း ဖြန့်ဝေခဲ့ကြောင်း နယ်စည်းမခြားဆရာဝန်များက ဆိုသည်။ ထိုစဉ်က လူပေါင်း ၁၉၂ ဦးသေဆုံးပြီး တစ်သိန်းလေးသောင်းခန့်မှာ အိုးအိမ်မဲ့များအဖြစ် ရွှေ့ပြောင်းခံလိုက်ရသည်။

မွတ်စ်လင်မ်ဆန့်ကျင်ရေးမှိုင်းတိုက်မှုအများစုမှာ ၉၆၉ အမည်ရှိ လှုပ်ရှားမှုနှင့်တွဲလျက် ရှိနေသည်။ ဗုဒ္ဓဂုဏ်တော် ၉ ပါး၊ ဓမ္မဂုဏ်တော် ၆ ပါး နှင့် သံဃာ့ဂုဏ်တော် ၉ ပါးကို အစွဲပြုပြီး အမည်ပေးထားခြင်းဖြစ်သည်။ ယင်းလှုပ်ရှားမှု၏ အဖွဲ့ခေါင်းဆောင် ဆရာတော် ၀ီရသူသည် မန္တလေးမြို့တွင် ခြေကုပ်ယူထား၏။ သူ၏ တို့မီးရှို့မီးဟောပြောချက်များကြောင့် မီဒီယာလောကမှ သူ့အား မြန်မာဘင်လာဒင်ဟု ကင်ပွန်းတပ်ထားကြသည်။ စစ်တွေရှိ ရိုဟင်ဂျာ နှင့် အခြားဒေသရှိမွတ်စ်လင်မ်တို့သည် နိုင်ငံတကာအထောက်အပံ့များ ခံစားရယူလိုသည့်အတွက် မိမိတို့၏အိမ်များကို မိမိတို့ကိုယ်တိုင်မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု ထည့်သွင်းဟောကြားလျက်ရှိသည်။

မတ်လက အွန်လိုင်းဗီဒီယိုတစ်ခုတွင် သူမှ ဤသို့သောစကားများဆိုခဲ့ကြောင်း တွေ့ရသည် “ ဒီမွတ်စ်လင်မ်ဆိုးတွေ ဒို့အပေါ် လွှမ်းမိုးကြီးစိုးလာယင် ဒို့ဘာသာတရားကို လွတ်လပ်စွာကျင့်သုံးခွင့် ရတော့မှာမဟုတ်ဘူး။ ဒီအစ္စလာမ်ဘာသာဝင်တွေက ဒို့နိုင်ငံတစ်ဝှန်းက မြေတွေ၊ ပစ္စည်းတွေကို ၀ယ်နေကြတာ။ အဲ့ဒီငွေတွေကိုသုံးပြီး ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကို အရယူနေကြတယ် ” ။

သို့သော် ဤနှစ်အကြမ်းဖက်ဖြစ်စဉ်က တိုက်ခိုက်မှုများသည် မထင်မှတ်ဘဲဖြစ်ပေါ်ခြင်းမဟုတ်ကြောင်း ရှမ်းပြည်နယ်တစ်ဝိုက်အခြေအနေများက ညွှန်းပြလျက်ရှိသည်။

ပစ်မှတ်ထား တိုက်ခိုက်မှုများ

မိတ္ထီလာအကြမ်းဖက်မှု၏နောက် လေးရက်အကြာတွင် ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူး၏ မြနမာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ ဗီဂျေး နမ်ဘီးယား က မွတ်စ်လင်မ်တို့အပေါ် ပစ်မှတ်ထားနေသည်မှာ အလွန်ရှင်းလင်းလှကြောင်း၊ တိုက်ခိုက်မှုများသည် ရက်စက်ကြမ်းကြုတ်လှကြောင်း ပြောဆိုခဲ့သည်။ မွတ်စ်လင်မ်နှင့်ဗုဒ္ဓဘာသာဝင်များအကြား တင်းမာမှု ကြီးထွားကျယ်ပြန့်အောင် မှိုင်းတိုက်နေသည်မှာ မြန်မာတစ်နိုင်ငံတည်းမဟုတ်၊ သီရိလင်္ကာ၊ ထိုင်း၊ အင်ဒိုနီးရှား နှင့် ဘင်္ဂလားဒေ့ရှ်တွင်လည်း အလားတူဖြစ်ကြောင်း ရန်ကုန်မြို့ရှိ လွှတ်တော်အမတ်ဟောင်း ရိုဟင်ဂျာလူမျိုး ဦးကျော်မင်းက ဆိုသည်။

“ နိုင်ငံတော်ပြန်လည်ထူထောင်ရေးအတွက် မွတ်စ်လင်မ်တွေဟာ အန္တရာယ်တစ်ခုဘဲလို့ ၉၆၉ အဖွဲ့တွေက ဆိုကြတယ်။ အင်ဒိုနီးရှား နဲ့ မလေးရှားနိုင်ငံတွေဟာ တစ်ချိန်တုန်းက ဗုဒ္ဓဘာသာနိုင်ငံတွေ ဖြစ်ခဲ့ပြီး အခုဆိုယင် ၉၀ % က မွတ်စ်လင်မ်တွေ ဖြစ်ကုန်တယ် ဆိုတဲ့အချက်နဲ့ မီးမွှေးမှိုင်းတိုက်နေကြပါတယ် ”။

သို့သော် ဗုဒ္ဓဘာသာဝင်မှန်သမျှ ၉၆၉ အား ထောက်ခံနေကြသူ မဟုတ်။ ရိုဟင်ဂျာ နှင့် အခြားမွတ်စ်လင်မ်တို့အပေါ် တိုက်ခိုက်မှုများမှာ နိုင်ငံရေးကစားကွက်ဖြစ်ကြောင်း သိမြင်သူလည်း မနည်းလှပေ။

၉၆၉ ဆန့်ကျင်သူ ဘုန်းတော်ကြီး ဦးပဏ္ဍ၀ံသ က “ ဗုဒ္ဓဘုရားရှင်အနေနဲ့ မတူကွဲပြားတဲ့အခြားဘာသာဝင်တွေကို ဆန့်ကျင်ဖို့ သွန်သင်ဟောပြောခဲ့တာမျိုး အလျဉ်းမရှိခဲ့ပါဘူး။ မွန်ပြည်နယ်မှာဟောပြောတဲ့ ၉၆၉ ဒီဗီဒီတရားခွေပေါင်း သုံးသောင်းလောက်ကို ရန်ကုန်မှာ ဖြန့်ဝေခဲ့ကြတယ်။ ဒီလောက်ကြီးမားတဲ့ပမာဏအထိဖြန့်ချိနိုင်ဖို့ သူတို့မှာ ကျောထောက်နောက်ခံ ခိုင်ခိုင်မာမာ ရှိနေကြောင်း ဒါဟာ ထင်ရှားတဲ့သာဓကဖြစ်တယ်။ သူတို့ကို ငွေအင်အားနဲ့လျှို့ဝှက် ထောက်ပံ့နေသူတွေက စစ်အာဏာရှင်ဟောင်းတွေနဲ့စီးပွားရေးမှာ အလွမ်းသင့်နေကြတဲ့ ခရိုနီတွေ ဒါမှမဟုတ် ပြန်လည်ပြုပြင်ရေးလမ်းကြောင်းကိုဖြိုဖျက်လိုတဲ့ အမာခံစစ်အင်အားစုတွေ  စသဖြင့် ဖြစ်နိုင်ချေ အမျိုးမျိုးရှိပါတယ် ” ဟု မိန့်ကြားကြောင်း ဇွန်လထုတ် ဧရာဝတီမဂ္ဂဇင်း နှင့် ၄င်း၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသော်လည်း မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုအားဖြင့် အတိုက်အခံဒီမိုကရေစီအုပ်စုတို့မှ ကိုယ်ကျိုးရှာမည်ကို များစွာသော ရိုဟင်ဂျာတို့က စိုးရိမ်လျက်ရှိသည်။

“ ဒေါ်အောင်ဆန်းစုကြည်ဟာ catch-22 ဆိုတဲ့ အခြေအနေမှာရောက်နေတယ်။ ဒီအကြမ်းဖက်မှုအားလုံးကို သူမအနေနဲ့ ပြောင်ပြောင်တင်းတင်း ရှုတ်ချသွားယင် လူများစုဗုဒ္ဓဘာသာဝင်တွေရဲ့ ထောက်ခံမှုဆုံးရှုံးလက်လွှတ်သွားနိုင်တယ်။ ဒါကြောင့် လူ့အခွင့်အရေးနဲ့မလျော်ညီတဲ့ ကလေးနှစ်ဦးသာယူရေးမူဝါဒလို ကိစ္စမျိုး အနည်းမျှသာ ပြောဆိုခြင်းဖြစ်တယ် ” ဟု ၁၉၉၀ ခုနှစ်များအတွင်း ၇ နှစ်အကျဉ်းကျခဲ့သူ ဦးကျော်မင်းက ပြောပြ၏။

လက်ရှိအနေအထား၌ စစ်တွေတစ်မြို့တည်းမှာပင် အကြမ်းဖက်မှုထပ်မံဖြစ်ပွားဦးမည့် နိမိတ်လက္ခဏာများ ပေါ်လွင်နေပါသည်။

THE IRISH TIMES

http://www.irishtimes.com/news/world/asia-pacific/burmese-buddhists-turn-on-muslim-minority-1.1497966

( မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုထားခြင်းဖြစ်သည် )


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...