Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15239

အိန္ဒိယနိုင်ငံရေးသမား၏သမီး ငွေလမ်းခင်းလက်ထပ်ပွဲ ပြည်သူက မကျေနပ်

$
0
0

နိုဝင်ဘာ ၁၆၊ ၂၀၁၆
M-Media

wedding

နိုင်ငံရေးသမား ရက်ဒီနှင့် သမီးဖြစ်သူ ဘရာမာနီ

– အစိုးရရဲ့ ငွေကြေး တရားမ၀င်ကြေငြာမှုကြောင့် ပြည်သူတွေ အကျပ်အတည်းတွေ့နေတဲ့အချိန် အိန္ဒိယက နိုင်ငံရေးသမားတစ်ယောက်ကတော့ သမီးဖြစ်သူ မင်္ဂလာဆောင်အတွက် ငွေကို ရေလိုသုံးခဲ့တာကြောင့် ပြည်သူတွေရဲ့ ညိုငြင်မှုကို ခံနေရပါတယ်။

စီးပွားရေးသမားဖြစ်ပြီး အရင်က ၀န်ကြီးဖြစ်ခဲ့ဖူးတဲ့ ဂျာနဒ်ဟာနာ ရက်ဒီရဲ့ သမီးဖြစ်သူ ဘရာမာနီရဲ့ လက်ထပ်ပွဲဖြစ်ပြီး ၅ ရက်တာ ကျင်းပပြုလုပ်မယ့် အဲဒီ လက်ထက်ပွဲမှာ ရူပီး ၅ ဘီလီယံ (ကန်ဒေါ်လာ ၇၄ သန်း) ကုန်ကျမယ်လို့ ခန့်မှန်းရပါတယ်။

ရွှေပြားနဲ့လုပ်ထားတဲ့ ဖိတ်စာတွေဝေပြီး ဘောလီးဝုဒ် ကြယ်ပွင့်တွေလည်း တက်ရောက်ဖျော်ဖြေဖို့ရှိတဲ့ အဲဒီ မင်္ဂလာပွဲဟာ ပြည်သူတွေကြားထဲမှာတော့ အငြင်းပွားဖွယ်ရာဖြစ်နေပြီး ဝေဖန်သူတွေက ဒါဟာ ‘ချမ်းသာကြွယ်ဝမှုကို မျက်စိစပါးမွှေးစူးဖော်ပြမှု’ လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

အဲဒီ မင်္ဂလာပွဲဟာ အိန္ဒိယအစိုးရက ခြစားမှုနဲ့ ငွေမည်းပိုင်ဆိုင်ထားသူတွေကို နှိမ်နှင်းနဲ့အနေနဲ့ ရူပီး ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို တရားမ၀င်ကြောင်း ကြေငြာခဲ့ပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အိန္ဒိယပြည်သူတွေက ဒီငွေကြေးအဟောင်းတွေကို အသစ်နဲ့လဲဖို့အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းရပြီး အခက်အခဲတွေရှိတာကြောင့် မကျေနပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

အိန္ဒိယရဲ့ လက်ငင်းငွေသားအသုံးပြုတဲ့ စီးပွားရေးမှာ မင်္ဂလာဆောင်တွေကလည်း ပါဝင်ပြီး မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ ငွေပေးချေမှုတွေမှာလည်း လက်ငင်းငွေသားတွေကိုသာ အသုံးပြုကြပါတယ်။

LCD စကရင်တပ်ထားပြီး ရွှေနဲ့လုပ်ထားတဲ့ ဖိတ်စာကတ်အတွက် ရူပီး ၁၀ သန်း ကုန်ကျခဲ့ပြီး၊ သတို့သမီး ဆာရီအတွက်တော့ သန်း ၁၇၀ ကုန်ကျခဲ့ပါတယ်။ သတို့သမီးရဲ့ လက်ဝတ်လက်စားတွေအတွက် ရူပီး သန်း ၉၀၀ သုံးစွဲခဲ့ပါတယ်။ မင်္ဂလာပွဲ လုံခြုံရေးအတွက် အပြင်လူမိုက် ၃၀၀၀၊ ရဲတပ်ဖွဲ့ဝင် ၃၀၀၀ ခေါ်ထားပြီး အနံ့ခံခွေးတွေ၊ ဗုံးရှင်းအဖွဲ့တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

မစ္စတာရက်ဒီကတော့ မင်္ဂလာဆောင်မှာ သုံးစွဲဖို့အတွက် ဘန်ဂလောရ်နဲ့ စင်ကာပူတို့က သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်လိုက်တယ်လို့ ပြောကြားခဲ့ပြီး ငွေပေးချေမှုအားလုံးကို မင်္ဂလာဆောင် စတင်စီစဉ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ငွေကြေးအမြောက်အများသုံးစွဲတဲ့ မင်္ဂလာဆောင်အတွက် ပြည်သူတွေက ဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ကြပါတယ်။ သူ့ရဲ့ နိုင်ငံရေးပြိုင်ဖက် တစ်ယောက်ကဆိုရင် ၀န်ကြီးချုပ်မိုဒီရဲ့ ‘ငွေမည်း’ နှိမ်နှင်းမှုမှာ ခရိုနီတွေ မပါဘူးလားဆိုပြီးတော့တောင် မေးခွန်းထုတ်ခဲ့ပါတယ်။

ရက်ဒီဟာ အရင်က လက်ရှိအာဏာရပါတီ BJP ပါတီဝင်ဖြစ်ခဲ့ဖူးပြီး လာဘ်စားမှုနဲ့ ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရကာ ပြီးခဲ့တဲ့နှစ်ကမှ အာမခံနဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

hall

မင်္ဂလာပွဲကျင်းပရာ ဘန်ဂလောရ်နန်းတော်

ဘန်ဂလာရ်ပြည်နယ်က ‘ဘန်ဂလောရ် နန်းတော်’ (Bangalore Palace) မှာ မင်္ဂလာပွဲအတွက် ပြင်ဆင်မှုတွေ၊ သီးသန့်လျှောက်လမ်း ဖန်တီးမှုတွေကို လပေါင်းများစွာအရင်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး မင်္ဂလာပွဲကျင်းပမယ့်နေရာကို ရှေးဟောင်း ဟိန္ဒူဘုရားကျောင်းပုံစံမျိုး ဖန်တီးပေးဖို့အတွက် ဘောလီးဝုဒ်က ဒါရိုက်တာ ၈ ယောက်ကို ခေါ်ထားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

မင်္ဂလာပွဲတက်ရောက်လာတဲ့ သူတွေကိုတော့ ဂိတ်ပေါက်ဝကနေ ဇိမ်ခံလှည်းယာဉ်တွေနဲ့ နန်းတော်ကို ခေါ်ဆောင်မှာဖြစ်ပြီး နန်းတော်ဝန်းထဲမှာ သီးသန့်ပြုလုပ်ထားတဲ့ ရွာကြီးထဲမှာ ကျွေးမွေးသွားမှာ ဖြစ်ပါတယ်။

ဒီမင်္ဂလာပွဲဟာ အလွန်ငွေကြေးကုန်ကျတဲ့ မင်္ဂလာပွဲဖြစ်ပေမယ့် နောက်ထပ် ငွေကို ရေလိုသုံးကာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲတွေလည်း ရှိပါတယ်။

၂၀၀၄ ခုနှစ်က အိန္ဒိယရဲ့ ဒုတိယအချမ်းသာဆုံးသူဌေးကြီးရဲ့ သမီး ဗာနီရှာ မစ်တယ်ဟာ အေမစ် ဘဟာတီယာနဲ့ ပြုလုပ်တဲ့ လက်ထပ်ပွဲမှာ ကန်ဒေါ်လာ ၇၄ သန်းလောက် ကုန်ကျပြီး Forbes ကတော့ မိသားစုက ဧည့်သည် ၁၀၀၀ ကို ပြင်သစ်ကို ခေါ်သွားပြီး ဗာဆိုင်လီမှာ မင်္ဂလာပွဲ ကျင်းပတာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်စ်နဲ့ ဝေလမင်းသမီး ဒိုင်ယာနာတို့ရဲ့ ၁၉၈၁ ခုနှစ်က လက်ထပ်ပွဲမှာတော့ ကန်ဒေါ်လာ ၃၇.၂ သန်း ကုန်ကျခဲ့ပြီး ဒီနေ့ငွေကြေးနဲ့တွက်ရင် သန်း ၁၀၀ ကျော် ရှိပါတယ်။ သူတို့ရဲ့သားဖြစ်တဲ့ မင်းသား ၀ီလီယံနဲ့ ကိသ် မစ်ဒယ်တန်တို့ရဲ့ မင်္ဂလာပွဲကတော့ ဒေါ်လာ ၂၇ သန်းလောက်သာ ကုန်ကျခဲ့ပါတယ်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး မင်္ဂလာပွဲကတော့ ရုရှား ဘီလျံနာတစ်ဦးရဲ့သား စအစ် ဂက်ဆာရစ်ဗ်နဲ့ ခါဒီဂျာ အူဇာကော့ဗ်တို့ရဲ့ မတ်လက မော်စကိုမှာ ပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲဖြစ်ပြီး သတို့သမီး ၀တ်စုံတစ်ခုတည်းအတွက်ကို ကန်ဒေါ်လာ ၁.၂ သန်းပေးခဲ့ရပါတယ်။ မင်္ဂလာပွဲတစ်ခုလုံးအတွက် ကုန်ကျစားရိတ်ကတော့ ၁ ဘီလီယံကျော် ရှိခဲ့ပါတယ်။

Ref: BBC



The post အိန္ဒိယနိုင်ငံရေးသမား၏သမီး ငွေလမ်းခင်းလက်ထပ်ပွဲ ပြည်သူက မကျေနပ် appeared first on News @ M-Media.


Viewing all articles
Browse latest Browse all 15239

Trending Articles