ဧပြီ ၂၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ မွတ်စလင်လူငယ်ထုအတွင်း စွမ်းရည်မြှင့်တင်ရေး နှင့် စာဖတ်အားကောင်းမွန်ရန်နှင့် မိမိရှာမှီးထားသော ဗဟုသုတများကို ပြန်လည်တင်ပြခွင့်ရရှိရန် ရည်ရွယ်လျှက် ပညာ့တံခွန် ပညာရေးဖောင်ဒေးရှင်းမှ ဦးစီး၍ စာမူပြိုင်ပွဲကို ကျင်းပမည် ဟု သတင်းရရိပါသည်။
ပညာ့တံခွန် ပညာရေးဖောင်ဒေးရှင်းတွင် ပါမောက္ခဒေါက်တာ ဦးအောင်ဇော်၊ ဒေါက်တာ ဦးစိုးနိုင်၊ ဒေါက်တာသန်းဝင်း၊ ဒေါက်တာ သန်းမင်းထိုက်၊ ဒေါက်တာခင်မာနီ၊ ဆရာဦးအုန်းမောင် (တရား လွှတ်တော်ရှေ့နေ)၊ ဆရာဦးအေးချို၊ ဆရာ ဦးအောင်ဇော်မြင့် (MST)၊ ဦးမောင်မောင်မြင့် (MMSN) နှင့်တတ်သိပညာရှင်များစွာ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပါသည်။
ပါဝင်ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်များမှာ -
(၁) စာဖတ်စွမ်းရည်မြှင့်တင်ရေး
(၂) ကမ္ဘာမြေကိုအလှဆင်ပါ
(၃) စာရိတ္တမြင့်မှ လူ့ဂုဏ်တင့်မည်
(၄) မီဒီယာကျင့်ဝတ်
(၅) လူငယ့်အားမာန် တို့ ဖြစ်ကြပြီး ၎င်းခေါင်းစဉ်များအနက် ယှဉ်ပြိုင်လိုသူများမှ မိမိနှစ်သက်ရာခေါင်းစဉ်တစ်ခုကို ရွေးချယ်၍ယှဉ်ပြိုင်ရမည်ဖြစ်သည်။
စာမူများကို စာမျက်နှာ တစ်မျက်နှာတည်းတွင်သာ သပ်ရပ်စွာရေး၍ မူရင်းနှင့်မိတ္တူ ပေါင်း(၂)စောင်ပေးပို့ရမည်ဖြစ်သည်။ နှစ်သက်ရာခေါင်းစဉ်ဖြင့် A-4 စာမျက်နှာ (၁၀)မျက်နှာထက် မပိုသော ဆောင်းပါးဖြစ်ရမည်။ စာမူယှဉ်ပြိုင်မည့်သူ၏ ကိုယ်ရေးအကျဉ်း၊ ကိုယ်တိုင်ရေးသားကြောင်း၊ အခြားသော စာစောင်များတွင်ထည့်သွင်းထားခဲ့ခြင်းမရှိကြောင်း ကတိဝန်ခံချက်ပူးတွဲပေးပို့ရပါမည်။
ဆုငွေများကို ပထမဆု (၂)သိန်းကျပ်၊ ဒုတိယဆု(၁.၅)သိန်းကျပ်၊ တတိယဆု (၁) သိန်းကျပ်၊ နှစ်သိမ့်ဆု (၅) သောင်းကျပ်စီဖြင့် (၅)ဆုတို့ အသီးသီး ချီးမြှင့်သွားမည်ဖြစ်သည်။
ဆုချီးမြှင့်ခံရသောစာမူများကို စာအုပ်အဖြစ်ပုံနှိပ်ထုတ်ဝေသွားမည်ဖြစ်သည်။ ထို့အတွက် ပြိုင်ပွဲဝင် စာမူများကို မေလ ၁-ရက်နေ့ နောက်ဆုံးထားပြီး အမှတ် (၂၄/၂၆) ၅လွှာ၊ ၁၀၁-လမ်း၊ ဖို့မြေရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက ၀၁-၈၆၁၉၃၇၂၊ ၀၉-၃၁၆၄၁၉၅၇၊ ၀၉-၅၁၅၄၈၃၁ တို့ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။