
မြန်မာ စစ်တပ် အကြီးအကဲ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ အလည်သွားရောက်ခဲ့စဉ်က ၂၀၁၄ ခုနှစ် ဇူလိုင် ၄ ရက်နေနေ့တွင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာနှင့် တွေ့ဆုံနေစဉ် PHOTO: AFP
စက်တင်ဘာ ၂၆ ၊ ၂၀၁၄
M-Media
– ကြန့်ကြာနေသည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုံ တည်ဆောက်မှု တွန်းအားပေးရန်အတွက် ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာမှာ လာမည့်လတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု နေပြည်တော်ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် နိုင်ငံခြား တိုင်းပြည်သို့ သွားရောက်မည့် ပရာယွတ်မှာ သမ္မတဦးသိန်းစိန်၊ အစိုးရ အကြီးတန်း အရာရှိများနှင့် နေပြည်တော်တွင် တွေ့ဆုံရန် စီစဉ်ထားပြီး ရန်ပုံငွေ ပြတ်လတ်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည့် ထားဝယ် အထူးစီးပွားရေးဇုံကိုလည်း သွားရောက် ကြည့်ရှုမည်ဖြစ်သည်။
အဆိုပါ ထားဝယ် အထူးစီးပွာရေးဇုံကို Italian-Thai Development ကုမ္ပဏီ လိမိတက်က အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကြောင့် ရပ်ဆိုင်းထား ရခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာအစိုးရက နိုင်ငံတကာမှ ဘဏ္ဍာရေး အထောက်အပံ့များကို ရှာဖွေခဲ့သည်။
ထိုင်းမှာ ဘန်ကောက်မြို့ အနောက်မြောက်ဘက် ဆင်ခြေဖုံးဒေသမှ မြန်မာနိုင်ငံတောင်ပိုင်း နယ်စပ် တနင်္သာရီဒေသအထိ ကီလိုမီတာ ၁၆၀ ခန့်ရှိမည့် ကားလမ်းတစ်ခု ဖောက်ရန်လည်း စီစဉ်ထားသည်။
ဗိုလ်ချုပ်ကြီး ပရာယွတ်မှာ ထိုင်းနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမားများ အရေး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုများ အကြောင်းကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ စက်မှုလက်မှုကဏ္ဍ အများအပြားတွင် အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၂၀၀၀ ကျော်ကိုလည်း တွေ့ဆုံမည်ဖြစ်သည်။ သို့သော်လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်မှု တွေ့ဆုံရန် မရှိဟု ထိုင်းသံအမတ်က ထည့်သွင်းပြောကြားခဲ့သည်။
ref_ ဆင်ဟွာ