Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ယူအက်စ်အိုးပင်း ဖိုင်နယ်တွင် ဂျိုကိုဗစ်နှင့် ဖက်ဒါရာတို့ တွေ့ဆုံမည်

$
0
0

စက်တင်ဘာ ၁၂၊ ၂၀၁၅
M-Media

aa

– အရှိန်မြင့်လာခဲ့သည့် ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ရော်ဂျာဖက်ဒါရာနှင့် နိုဗက် ဂျိုကိုဗစ်တို့မှာ ပြိုင်ဘက်များကို အသီးသီး အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး၊ အမျိုးသမီးပွဲစဉ်တွင် ဆရီနာဝီလျံမှာ စံချိန်သစ်တင်နိုင်ရေးအိပ်မက် ပျက်ပြယ်ခဲ့သည်။

ဆီးမီးဖိုင်နယ်ပွဲစဉ်များကို ယမန်နေ့က ကစားခဲ့ရာ နိုင်ခြေအဆင့် ၂ ရ ဖက်ဒါရာမှာ ပြိုင်ဘက် စတန် ၀ါဝရင်ကာကို သက်တောင့်သက်သာ ကစားခဲ့ရပြီး ၆-၄၊ ၆-၃၊ ၆-၁ ဖြင့် အနိုင်ရရှိခဲ့သည်။ ၀ါဝရင်ကာမှာ ဇွန်လက ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒါရာအား ပွဲပြတ်ဖြင့် အနိုင်ရခဲ့ဖူးပြီး ယခုပွဲတွင် ဖက်ဒါရာက ပြန်လည် လက်စားချေနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

“ကျွန်တော် သိပ်ပျော်ပါတယ်။ ဒီပွဲဟာ ကြီးကျယ်တဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲရောက်ဖို့ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ကျွန်တော် အပြင်းအထန် ကြိုးစားခဲ့ရပါတယ်။ အချို့အချိန်မှာ နီးစပ်ခဲ့ပြီး၊ ဒီညမှာတော့ ပုံစံကောင်းပြခဲ့တဲ့ စတန်ကို ကျွန်တော် နိုင်ပြီး အလုပ်ဖြစ်ခဲ့ပါပြီ” ဟု ဖက်ဒါရာက ပြောကြားခဲ့သည်။ ဖက်ဒါရာမှာ နောက်ဆုံး ၁၂ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပေ။

အခြားဆီမီးဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သည့် ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမား ဂျိုကိုဗစ်နှင့် လက်ရှိချန်ပီယံ မာရင်စီလစ်တို့ပွဲတွင် ဂျိုကိုဗစ်မှာ အခက်အခဲမရှိဘဲ ၆-၀၊ ၆-၁၊ ၆-၂ ဖြင့်အနိုင်ရရှိခဲ့သည်။ စီလစ်၏ ခြေချင်းဝတ်ဒဏ်ရာက ဂျိုကိုဗစ်အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်သွားခြင်းလည်း ဖြစ်သည်။

“မာရင်ဟာ ပြီးခဲ့တဲ့ နှစ်ပွဲလောက်ကတည်းက ခြေချင်းဝတ်ဒဏ်ရာကို ရနေပြီး ဒီနေ့ပွဲကို ထွက်လာကာ ပြီးဆုံးအောင်ကစားရဲတဲ့ သတ္တိကိုတော့ ကျွန်တော် ချီးကျူးပါတယ်။ ပြိုင်ဘက်ဟာ ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိဘူးဆိုတာကို သိနေရတာက သိပ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ကျွန်တော် အာရုံစူးစိုက်မှု၊ ယုံကြည်မှုကောင်းကောင်းနဲ့ ထွက်လာခဲ့ပြီး ပွဲဖြတ်နိုင်ခဲ့ပါတယ်” ဟု ဂျိုကိုဗစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ယူအက်စ်အိုးပင်း အမျိုးသားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို စက်တင်ဘာ ၁၃ ရက်၊ တနင်္ဂနွေနေ့တွင် နယူးယောက်၌ ကစားမည်ဖြစ်ပြီး ဂျိုကိုဗစ်နှင့် ဖက်ဒါရာတို့ တွေ့ဆုံရမည်ဖြစ်သည်။

ဖက်ဒါရာမှာ ပြီးခဲ့သည့်လက အမေရိကန်တွင် ကျင်းပပြုလုပ်ခဲ့သည့် Cincinatti တင်းနစ်ပြိုပ်ပွဲ ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်အား အနိုင်ရရှိခဲ့ပြီး ယခုတွေ့ဆုံမှုမှာ ယခုနှစ်အတွင်း ၎င်းတို့ ၂ ဦး၏ ၆ ကြိမ်မြောက်တွေ့ဆုံမှုလည်း ဖြစ်သည်။ ထိုဗိုလ်လုပွဲမှာ ဖက်ဒါရာအတွက် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးကြိမ် ဂရန်းဆလမ် ပြိုင်ပွဲ ဗိုလ်စွဲနိုင်မည့် အခွင့်အလမ်းလည်းဖြစ်သည်။

အမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်များတွင်မူ ကမ္ဘာ့အဆင့် ၃၂ ရှိ အီတလီတင်းနစ်မယ် ရောဘက်တာ ဗင်ချီမှာ အံ့သြဖွယ် လက်စွမ်းပြကာ ကမ္ဘာ့နံပါတ် ၁ ဆရီနာဝီလီယံအား ၂-၆၊ ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

ယခုပွဲအရှုံးကြောင့် ဆရီနာမှာ တစ်နှစ်အတွင်း ဂရန်းစလမ်ပြိုင်ပွဲအားလုံး၌ ဗိုလ်စွဲနိုင်သည့် ၄ ယောက်မြောက် အမျိုးသမီးတင်းနစ်မယ်ဖြစ်နိုင်မည့် အခွင့်အရေးမှာ လက်လွတ်ဆုံးရှုံးသွားပြီဖြစ်သည်။ ဗင်ချီမှာ တစ်နိုင်ငံတည်းသူ တင်းနစ်မယ် ဖလာဗီယာ ပန်နတ္တာနှင့် နောက်ဆုံးဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည်ဖြစ်သည်။

Ref: Dailymail


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...