နိုဝင်ဘာ ၁၅၊ ၂၀၁၆
M-Media
– ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းပြည်သူများပိုင်သော မြေယာများတွင် ဆောက်လုပ်ထားသည့် တရားမ၀င်အခြေချအိမ်ယာများအား ဆက်လက်ထားရှိရန်အတွက် ခွင့်ပြုသော မူကြမ်းကို အစ္စရေးဝန်ကြီးများအဆင့် ကော်မတီက အတည်ပြုလိုက်ပြီး ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးကသိမ်းပိုက်မှု တစ်ဆင့်တက်လာခြင်းလည်း ဖြစ်သည်။
အစ္စရေးရှေ့နေချုပ်က အပြစ်အနာအဆာရှိနေသည်ဟု ပြောကြားထားသည့် အဆိုပါဥပဒေတွင် အစ္စရေးအစိုးရမှ ပါလက်စတိုင်း ပြည်သူများ ပိုင်ဆိုင်သော မြေများကို နစ်နာကြေးပေးကာ သိမ်းယူနိုင်ရန် ပြဌာန်းထားကာ တနင်္လာနေ့က အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုဥပဒေမှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် ဆောက်လုပ်ထားသည့် အစ္စရေး၏ အေမိုနာ တရားမ၀င်အိမ်ယာကို အဓိက ရည်ရွယ်ခြင်းဖြစ်ပြီး ထိုအိမ်ယာတွင် နေထိုင်သူများအနေဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းရွှေ့ရန် တရားရုံးချုပ်က အမိန့်ပေးထားခြင်းဖြစ်သည်။
ပါလက်စတိုင်းပြည်သူများ ပိုင်ဆိုင်သည့် မြေပေါ်တွင် ဆောက်လုပ်ထားသည့် အဆိုပါ တရားမင်ဝင်အိမ်ယာတွင် မိသားစု ၄၀ ခန့် နေထိုင်ကြသည်။
“ဒီကိစ္စဟာ ရှက်စရာပါပဲ။ ကျူးကျော်အိမ်ယာတွေတည်ဆောက်ဖို့ ပါလက်စတိုင်းပြည်သူတွေပိုင်ဆိုင်တဲ့မြေတွေကို သိမ်းယူခွင့်ပြုမယ့် ဥပဒေတစ်ရပ်ကို အစ္စရေးအစိုးရက ထောက်ခံနေတာပါ” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်များအနက်မှ တစ်ဦးဖြစ်သူ ဟာဂျစ် အွတ်ဖရန်က ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေမူကြမ်းမှာ ပါလီမန်တွင် ဖတ်ကြားပြီးနောက် ဗဟိုတရားရုံးချုပ်က အတည်ပြုရမည်ဖြစ်သည်။
အစ္စရေးရှေ့နေချုပ်ကမူ ယင်းဥပဒေကို အတည်ပြုခဲ့သော ကော်မတီသည် တစ်ဦးချင်းစီနှင့်ဆိုင်သည့် ပြဿနာများတွင် တရားရေးဌာန၏ ဆုံးဖြတ်ချက်ကို လေးစားရမည်ဆိုသည့် ပြဌာန်းချက်နှင့် ဆန့်ကျင်ကာ တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref : RT
The post အစ္စရေး၏ ပါလက်စတိုင်းကို သိမ်းပိုက်မှုတစ်ဆင့်တက် appeared first on News @ M-Media.