ဖေဖော်ဝါရိ ၂၀ ၊ ၂၀၁၄
M-Media
အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည်ဟု ယူကရိန်း သမ္မတ ကြေညာ၊ ပိတ်ဆို့မှုများပြုလုပ်သွားမည်ဟု အီးယူ၏ ခြိမ်းခြောက်မှုနောက်ပိုင်း ထွက်ပေါ်လာခြင်းလည်းဖြစ်
- လူ ၂၀ ကျော်သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့သည့် ဆန္ဒပြမှုတစ်ခု မြို့တော်ကိဗ်တွင် ယခုသီတင်းပတ် အတွင်း ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်း သမ္မတက ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အတွက် အတိုက်အခံများအား ကမ်းလှမ်းခဲ့ပြီး စစ်တပ် အကြီးအကဲကိုလည်း ထုတ်ပယ်လိုက်သည်ဟု သိရသည်။
နိုင်ငံအတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်မှု အတွက် ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ထားသည့် ဥရောပ နိုင်ငံခြားရေးဝန်ကြီးများနှင့် မတွေ့ဆုံမီအလျင် သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျက ယမန်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
သမ္မတရုံး ၀ဘ်ဆိုဒ်မှ ထုတ်ပြန်သော အဆိုပါ ကြေညာချက်တွင် နိုင်ငံအတွင်းဖြစ်ပွားနေသည့် သွေးထွက်သံယိုမှုများ ရပ်တန့်ရန်၊ လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးအကျိုးငှာ နိုင်ငံ၏ အခြေအနေအား တည်ငြိမ်စေရန် ရည်ရွယ်၍ ညှိနှိုင်းဆွေးနွေးမှုများကို စတင်ပြုလုပ်ရန် သဘောတူညီချက် တစ်ခုကို ထည့်သွင်းဖော်ပြထားသည်။
အီးယူနှင့် ကုန်သွယ်ရေး သဘောတူညီချက်ကို အစိုးရက လက်မှတ် မထိုးသည့်အတွက် နိုင်ငံအတွင်း ဆန္ဒပြမှုများဖြစ်ပွားနေသည်မှာ ၃ လ နီးပါးကြာနေပြီဖြစ်ပြီး ယခုတစ်ပတ် အင်္ဂါနေ့ကဖြစ်ပွားခဲ့သော ဆန္ဒပြမှု အတွင်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ကာ အနည်းဆုံး ၂၆ ဦးသေဆုံးခဲ့ပြီး လူ ၂၀၀ ခန့်ဒဏ်ရာရခဲ့သည်။
ထိုအကြမ်းဖက်မှုများအား တုန့်ပြန်သော အနေဖြင့် ပိတ်ဆို့မှုများ ချမှတ်သင့် မသင့်ကို ဆုံးဖြတ်ရန် အတွက် ဥရောပ ၂၈ နိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးများက ဆွေးနွေးရန်ရှိနေပြီး ထိုအစည်းအဝေး မတိုင်မီ ပြင်သစ်၊ ဂျာမနီနှင့် ပိုလန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများမှာ သမ္မတ ယာနူကိုဗစ်ခ်ျနှင့် တွေ့ဆုံမည်ဖြစ်သည်။
Ref: aljazeera